သံယုတ္တနိကာယ်—၃၅
၂—ယမကဝဂ်
၁ဝ—ဒုတိယ ဒုက္ခုပ္ပါဒသုတ်
၂၂။ ရဟန်းတို့ အဆင်းတို့၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ အသံတို့၏။ပ။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်းသေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။
ရဟန်းတို့ အဆင်းတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါ တို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်း။ အသံတို့၏။ပ။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် ယမကဝဂ် ပြီး၏။