သံယုတ္တနိကာယ်—၃၅
(၁၈) ၃—သမုဒ္ဒဝဂ်
၈—အာဒိတ္တပရိယာယသုတ်
၂၃၅။ ရဟန်းတို့ သင်တို့အား အာဒိတ္တပရိယာယမည်သော တရားဒေသနာကို ဟောပေအံ့၊ ထိုတရားဒေသနာကို နာကြကုန်လော့၊ ရဟန်းတို့ အာဒိတ္တပရိယာယမည်သော တရားဒေသနာဟူသည်အဘယ်နည်း။
ရဟန်းတို့ လောလောပူသော ရဲရဲညိသော ပြောင်ပြောင်တောက်ပသော အလျှံနှင့် တကွသော သံချောင်းဖြင့် မျက်စိကို ထိုးဖောက်ခြင်းသည် မြတ်သေး၏၊ စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့၌ အမှတ်လက္ခဏာအားဖြင့် သဏ္ဌာန်နိမိတ်ကို ယူခြင်းသည် မမြတ်သည်သာလျှင်တည်း။ ရဟန်းတို့ တည်ဆဲ ဝိညာဏ်သည် သဏ္ဌာန်နိမိတ်ကို သာယာသောအားဖြင့်ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း၊ အမှတ် လက္ခဏာကို သာယာသောအားဖြင့်ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း တည်ရာ၏။ ထိုအခါဝယ် သေခဲ့မူ ငရဲသို့ဖြစ်စေ၊ တိရစ္ဆာန်မျိုးသို့ဖြစ်စေ လားရာ ‘ဂတိ’ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာ ‘ဂတိ’ သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤအပြစ်ကို မြင်၍ ဤသို့ ငါ ဟော၏။
ရဟန်းတို့ ရဲရဲညိသော ပြောင်ပြောင်တောက်ပသော အလျှံနှင့် တကွသော ချွန်ထက်သော သံချွန်ဖြင့်နားကို ထိုးဖောက်ခြင်းသည် မြတ်သေး၏၊ သောတဝိညာဏ်ဖြင့် ကြားအပ်ကုန်သော အသံတို့၌ အမှတ်လက္ခဏာအားဖြင့် သဏ္ဌာန်နိမိတ်ကို ယူခြင်းသည် မမြတ်သည်သာလျှင်တည်း။ ရဟန်းတို့ တည်ဆဲဝိညာဏ်သည် သဏ္ဌာန်နိမိတ်ကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း၊ အမှတ်လက္ခဏာကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း တည်ရာ၏။ ထိုအခါဝယ်သေခဲ့မူ ငရဲသို့ဖြစ်စေ၊ တိရစ္ဆာန်မျိုးသို့ဖြစ်စေ လားရာ ‘ဂတိ’ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသောလားရာ ‘ဂတိ’ သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤအပြစ်ကို မြင်၍ ဤသို့ ငါဟော၏။
ရဟန်းတို့ ရဲရဲညိသော ပြောင်ပြောင်တောက်ပသော အလျှံနှင့် တကွသော ထက်လှစွာသော လက်သည်းလှီးဓားဖြင့် နှာခေါင်းကို ထိုးဖောက်ခြင်းသည် မြတ်သေး၏၊ ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်ကုန်သောအနံ့တို့၌ အမှတ်လက္ခဏာအားဖြင့် သဏ္ဌာန်နိမိတ်ကို ယူခြင်းသည် မမြတ်သည်သာလျှင်တည်း။ ရဟန်းတို့တည်ဆဲဝိညာဏ်သည် သဏ္ဌာန်နိမိတ်ကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း၊ အမှတ်လက္ခဏာကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း တည်ရာ၏။ ထိုအခါဝယ်သေခဲ့မူ ငရဲသို့ဖြစ်စေ၊ တိရစ္ဆာန်မျိုးသို့ဖြစ်စေ လားရာ ‘ဂတိ’ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာ’ဂတိ’သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤအပြစ်ကို မြင်၍ ဤသို့ ငါ ဟော၏။
ရဟန်းတို့ ရဲရဲညိသော ပြောင်ပြောင်တောက်ပသော အလျှံနှင့် တကွသော ထက်လှစွာသော သင်တုန်းဓားဖြင့် လျှာကို လှီးဖြတ်ခြင်းသည် မြတ်သေး၏၊ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ အမှတ်လက္ခဏာအားဖြင့် သဏ္ဌာန်နိမိတ်ကို ယူခြင်းသည် မမြတ်သည်သာလျှင်တည်း။ ရဟန်းတို့ တည်ဆဲဝိညာဏ်သည် သဏ္ဌာန်နိမိတ်ကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း၊ အမှတ်လက္ခဏာကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း တည်ရာ၏။ ထိုအခါဝယ်သေခဲ့မူ ငရဲသို့ဖြစ်စေ၊ တိရစ္ဆာန်မျိုးသို့ဖြစ်စေ လားရာ ‘ဂတိ’ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသောလားရာ ‘ဂတိ’သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤအပြစ်ကို မြင်၍ ဤသို့ ငါဟော၏။
ရဟန်းတို့ ရဲရဲညိသော ပြောင်ပြောင်တောက်ပသော အလျှံနှင့် တကွသော ထက်လှစွာသော လှံဖြင့်ကိုယ်ကို ထိုးဆွခြင်းသည် မြတ်သေး၏၊ ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်ကုန်သော အတွေ့အထိတို့၌ အမှတ်လက္ခဏာအားဖြင့် သဏ္ဌာန်နိမိတ်ကို ယူခြင်းသည် မမြတ်သည်သာလျှင်တည်း။ ရဟန်းတို့ တည်ဆဲဝိညာဏ်သည် သဏ္ဌာန်နိမိတ်ကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း၊ အမှတ်လက္ခဏာကို သာယာသောအားဖြင့် ဖွဲ့အပ်သည်ဖြစ်၍ သော်လည်းကောင်း တည်ရာ၏။ ထိုအခါဝယ်သေခဲ့မူ ငရဲသို့ဖြစ်စေ၊ တိရစ္ဆာန်မျိုးသို့ဖြစ်စေ လားရာ ‘ဂတိ’ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသောလားရာ ‘ဂတိ’ သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤအပြစ်ကို မြင်၍ ဤသို့ ငါဟော၏။
ရဟန်းတို့ အိပ်ပျော်နေခြင်းသည် မြတ်သေး၏၊ ရဟန်းတို့ အမှန်အားဖြင့်သော်ကား အိပ်ပျော်နေခြင်းကို အသက်ရှင်နေသူတို့၏။ မုံခြင်းဟူ၍ ငါ ဟော၏၊ အသက်ရှင်နေသူတို့၏ အကျိုး မရှိခြင်းဟူ၍ ငါဟော၏၊ အသက်ရှင်နေသူတို့၏ တွေဝေခြင်းဟူ၍ ငါ ဟော၏။ အကြင်သို့သဘောရှိသော အကြံအစည်တို့၏ အလိုသို့ လိုက်ပါသော သူသည် သံဃာကို သင်းခွဲရာ၏၊ ထိုသို့သဘောရှိသော အကြံအစည်တို့ကိုမကြံစည်ရာ။ ရဟန်းတို့ ငါဘုရားသည် အသက်ရှင်နေသူတို့၏ အပြစ်ကို မြင်၍ ဤသို့ ငါ ဟော၏။
ရဟန်းတို့ ထိုတရားတို့၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏—လောလော့ပူသော ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့် တကွသော သံချောင်းဖြင့် မျက်စိကို ထိုးဖောက်ခြင်းကို ထားဘိဦး၊ “မျက်စိသည် မမြဲ၊ အဆင်းတို့သည် မမြဲကုန်၊ စက္ခုဝိညာဏ်သည် မမြဲ၊ စက္ခုသမ္ဖဿသည် မမြဲ၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ”ဟု ဤအကြောင်းကိုသာ ယခုအခါ ငါ နှလုံးသွင်းနေတော့အံ့။
ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့် တကွသော ထက်လှစွာသော သံချွန်ဖြင့် နားကိုထိုးဖောက်ခြင်းကို ထားဘိဦး၊ “နားသည် မမြဲ၊ အသံတို့သည် မမြဲကုန်၊ သောတဝိညာဏ်သည် မမြဲ၊ သောတသမ္ဖဿသည် မမြဲ၊ သောတသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ ဝေဒနာသည်လည်း မမြဲ”ဟု ဤအကြောင်းကိုသာ ယခုအခါ ငါ နှလုံးသွင်းနေတော့အံ့။
ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့် တကွသော ထက်လှစွာသော လက်သည်းလှီးဓား ဖြင့်နှာခေါင်းကို ထိုးဖောက်ခြင်းကို ထားဘိဦး၊ “နှာခေါင်းသည် မမြဲ၊ အနံ့တို့သည် မမြဲကုန်၊ ဃာနဝိညာဏ်သည် မမြဲ၊ ဃာနသမ္ဖဿသည် မမြဲ၊ ဃာနသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ “ဟု ဤအကြောင်းကိုသာ ယခုအခါ ငါနှလုံးသွင်းနေ တော့အံ့။
ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့် တကွသော ထက်လှစွာသော သင်တုန်းဓားဖြင့် လျှာကိုလှီးဖြတ်ခြင်းကို ထားဘိဦး၊ “လျှာသည် မမြဲ၊ အရသာတို့သည် မမြဲကုန်၊ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဇိဝှါသမ္ဖဿသည် မမြဲ၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာ ဝေဒနာသည်လည်း မမြဲ”ဟု ဤအကြောင်းကိုသာ ယခုအခါ ငါ နှလုံးသွင်းနေတော့အံ့။
ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့် တကွသော ထက်လှစွာသော လှံဖြင့် ကိုယ်ကိုထိုးဆွခြင်းကို ထားဘိဦး၊ “ကိုယ်သည် မမြဲ၊ အတွေ့အထိတို့သည် မမြဲကုန်၊ ကာယဝိညာဏ်သည် မမြဲ၊ ကာယသမ္ဖဿသည် မမြဲ၊ ကာယသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ “ဟု ဤအကြောင်းကိုသာ ယခုအခါ ငါ နှလုံးသွင်းနေတော့အံ့။
အိပ်ပျော်နေခြင်းကို ထားဘိဦး “စိတ်သည် မမြဲ၊ သဘောတရားတို့သည် မမြဲကုန်၊ မနောဝိညာဏ်သည် မမြ ဲ၊ မနောသမ္ဖဿသည် မမြ ဲ၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ”ဟု ဤအကြောင်းကိုသာ ယခုအခါငါ နှလုံးသွင်းနေတော့အံ့ဟု ဆင်ခြင်၏။
ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာ မှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏။
“ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်းတို့ ဤကားအာဒိတ္တပရိယာယမည်သော တရားဒေသနာတည်းဟု (မိန့် တော်မူ၏)။
အဋ္ဌမသုတ်။