သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၉—ဝီဏောပမသုတ်

၂၄၆။ ရဟန်းတို့ ရဟန်းအားလည်းကောင်း၊ ရဟန်းမအားလည်းကောင်း မျက်စိဖြင့် မြင်အပ်ကုန် သောအဆင်းတို့၌ လိုချင်မှုသည်လည်းကောင်း၊ စွဲမက်မှုသည်လည်းကောင်း၊ အမျက်ထွက်မှုသည်လည်း ကောင်း၊ တွေဝေမှုသည်လည်းကောင်း၊ စိတ်၏ ထိခိုက်မှုသည်လည်းကောင်း ဖြစ်ရာ၏။

အဆင်းတို့မှ စိတ်ကို တားမြစ်ရာ၏၊ “ ဤလမ်းခရီးသည် ဘေးလည်း ရှိ၏၊ ကြောက်မက်ဖွယ်လည်းရှိ၏၊ ဆူးငြောင့်လည်း ရှိ၏၊ ခြုံနွယ်ပိတ်ပေါင်းလည်း ရှိ၏၊ အထက်သို့ သွားရန် လမ်းခရီးလည်း မဟုတ်၊ စက်ဆုပ်ဖွယ် လမ်းခရီးလည်း ဖြစ်၏၊ ဆင်းရဲစွာ သွားရသော လမ်းခရီးလည်း ဖြစ်၏၊ ဤလမ်းခရီးသည်မသူတော်တို့ မှီဝဲအပ်သော လမ်းခရီးလည်း ဖြစ်၏၊ သူတော်ကောင်းတို့ မှီဝဲအပ်သော လမ်းခရီး မဟုတ်၊ သင်သည် ဤလမ်းခရီးနှင့် မထိုက်တန်”၊ ဤသို့ စဉ်းစားဆင်ခြင်ပြီးလျှင် ထိုမျက်စိဖြင့် မြင်အပ်ကုန်သောအဆင်းတို့မှ စိတ်ကို တားမြစ်ရာ၏။ပ။

ရဟန်းတို့ ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း လျှာဖြင့် လျက်အပ်ကုန်သောအရသာတို့၌ ။ပ။ စိတ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ လိုချင်မှုသည်လည်းကောင်း၊ စွဲမက်မှုသည်လည်းကောင်း၊ အမျက်ထွက်မှုသည်လည်းကောင်း၊ တွေဝေမှုသည်လည်းကောင်း၊ စိတ်၏ထိခိုက်မှုသည်လည်းကောင်း ဖြစ်ရာ၏။

သဘောတရားတို့မှ စိတ်ကို တားမြစ်ရာ၏၊ “ ဤလမ်းခရီးသည် ဘေးလည်း ရှိ၏၊ ကြောက်မက်ဖွယ်လည်း ရှိ၏၊ ဆူးငြောင့်လည်း ရှိ၏၊ ခြုံနွယ်ပိတ်ပေါင်းလည်း ရှိ၏၊ အထက်သို့ သွားရန် လမ်းခရီးလည်း မဟုတ်၊ စက်ဆုပ်ဖွယ် လမ်းခရီးလည်း ဖြစ်၏၊ ဆင်းရဲစွာ သွားရသော လမ်းခရီးလည်း ဖြစ်၏၊ ဤလမ်းခရီးသည် မသူတော်တို့ မှီဝဲအပ်သော လမ်းခရီးလည်း ဖြစ်၏၊ သူတော်ကောင်းတို့ မှီဝဲအပ်သောလမ်းခရီး မဟုတ်၊ သင်သည် ဤလမ်းခရီးနှင့် မထိုက်တန်”၊ ဤသို့ စဉ်းစားဆင်ခြင်ပြီးလျှင် ထိုစိတ်ဖြင့်သိအပ်သော သဘောတရားတို့မှ စိတ်ကို တားမြစ်ရာ၏။

ရဟန်းတို့ ဥပမာသော်ကား ကောက်ပင်သည် ပြည့်စုံ၏၊ ကောက်ပင်စောင့်လည်း မေ့လျော့နေ၏၊ ကောက်ပင်ကို စားတတ်သော နွားသည်လည်း ထိုကောက်ခင်းသို့ သက်ဆင်းပြီးလျှင် အလိုရှိတိုင်း စား၍ ယစ်ခြင်းသို့ ရောက်ရာ၏၊ မေ့လျော့ခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဤအတူပင် အကြားအမြင့်မရှိသော ပုထုဇဉ်သည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၌ စောင့်ရှောက်မှုကိုမပြုလုပ်ဘဲ ကာမ ဂုဏ်ငါးပါးတို့၌ အလိုရှိတိုင်း ခံစား၍ ယစ်ခြင်းသို့ ရောက်၏၊ မေ့လျော့ခြင်းသို့ရောက်၏။

ရဟန်းတို့ ဥပမာသော်ကား ကောက်ပင်သည် ပြည့်စုံ၏၊ ကောက်ပင်စောင့်သည်လည်း မမေ့မလျော့၊ ကောက်ပင်စားတတ်သော နွားသည်လည်း ထိုကောက်ခင်းသို့ သက်ဆင်းခဲ့ပါလျှင် ထိုနွားကို ကောက်ပင်စောင့်သည် နှာခေါင်းကို မြဲစွာ ကိုင်ဖမ်းရာ၏၊ နှာခေါင်းကို ကောင်းစွာ ကိုင်ဖမ်းပြီး၍ ချိုကြားကိုကောင်းစွာ ဖိနှိပ်ရာ၏၊ ချိုကြားကို ကောင်းစွာ ဖိနှိပ်ပြီး၍ တုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ရာ၏၊ တုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ပြီး၍ လွှတ်လိုက်ရာ၏။

ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း။ပ။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း ကောက်ပင်စားတတ်သောနွားသည် ထိုကောက်ခင်းသို့ သက်ဆင်းခဲ့ပြန်၍ ထိုနွားကို ကောက်ပင်စောင့်သည် နှာခေါင်းကို မြဲစွာ ကိုင်ဖမ်းရာ၏၊ နှာခေါင်းကို မြဲစွာ ကိုင်ဖမ်းပြီး၍ ချိုကြားကို မြဲစွာ ဖိနှိပ်ရာ၏၊ ချိုကြားကို ကောင်းစွာ ဖိနှိပ်ပြီး၍ တုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ရာ၏၊ တုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ပြီး၍ လွှတ်လိုက်ရာ၏။

ရဟန်းတို့ ဤသို့လျှင် ထိုကောက်ပင်စားတတ်သော နွားသည် ရွာသို့ သွားသော်လည်းကောင်း၊ တောသို့သွားသော်လည်းကောင်း ရပ်တည်နေခြင်းသာ များရာ၏၊ ဝပ်နေခြင်းသာ များရာ၏၊ ထိုရှေး၌ တုတ်ရိုက်ခံရသည်ကို အမှတ်ရသည် ဖြစ်၍ ထိုကောက်ခင်းသို့ တစ်ဖန် မသက်ဆင်းရာ။

ရဟန်းတို့ ဤအတူ ရဟန်း၏ စိတ်သည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၌ ခြိမ်းချောက်ပြီး ကောင်းစွာ ခြိမ်းချောက်ပြီး ဖြစ်သော အခါမှ စ၍ ကိုယ်တွင်းသန္တာန်၌ သာလျှင်ကောင်းစွာ တည်၏၊ ကောင်းစွာ နစ်မြုပ်၏၊ တစ်ခုတည်းသော အဖြစ်သို့ ရောက်၍ တည်ကြည်၏။

ရဟန်းတို့ ဥပမာသော်ကား စောင်းသံကို မကြားဖူးသော မင်းအားလည်းကောင်း၊ မင်းအမတ်အားလည်းကောင်း စောင်းသံကို ကြားလေရာ၏။ ထိုမင်းသည် “အချင်းတို့ ဤသို့ စွဲမက်ဖွယ်ရှိသော ဤသို့နှစ်သက်ဖွယ်ရှိသော ဤသို့ ယစ်မူးဖွယ်ရှိသော ဤသို့ တွေဝေဖွယ်ရှိသော ဤသို့ ဖွဲ့ချည်တတ်သော ဤအသံကား အဘယ်အရာ၏ အသံဖြစ်လေသနည်း”ဟု ဤသို့ မေးမြန်းရာ၏။ ထိုမင်းကို “အသျှင် ဤအရာကား စောင်းမည်ပါ၏၊ ဤသို့ စွဲမက်ဖွယ်ရှိသော ဤသို့ နှစ်သက်ဖွယ်ရှိသော ဤသို့ ယစ်မူးဖွယ်ရှိသော ဤသို့ တွေဝေဖွယ်ရှိသော ဤသို့ ဖွဲ့ချည်တတ်သော အသံသည် ယင်းစောင်း၏ အသံပင်ဖြစ်ပါ၏”ဟု ပြောဆိုရာ၏။ ထိုမင်းသည် အချင်းတို့ သွားကြကုန်၊ ငါ၏ ထံသို့ ထိုစောင်းကိုယူခဲ့ကြကုန်ဟု ပြော ဆိုရာ၏၊ ထိုမင်းထံသို့ ထိုစောင်းကို ယူခဲ့ကုန်၍ ထိုမင်းကို “အသျှင် ဤသည်ပင်ထို (အသျှင် အလိုရှိသော) စောင်း ဖြစ်ပါ၏၊ ဤသို့ စွဲမက်ဖွယ်ရှိသော ဤသို့ နှစ်သက်ဖွယ်ရှိသော ဤသို့ယစ်မူးဖွယ်ရှိသော ဤသို့ တွေဝေဖွယ်ရှိသော ဤသို့ ဖွဲ့ချည်တတ်သော ဤအသံကား ယင်းစောင်း၏အသံပင် ဖြစ်ပါ၏”ဟု ပြော ဆိုကုန်ရာ၏။ ထိုမင်းသည် “အချင်းတို့ ငါ့အား ထိုစောင်းဖြင့် အလို မရှိ၊ ထိုအသံကိုသာ ငါ၏ ထံသို့ ယူခဲ့ကြကုန်”ဟု ပြောဆိုရာ၏။ ထိုမင်းကို “အသျှင် ဤစောင်းမည်သည်ကားများပြားသော အဆောက် အဦရှိ၏၊ ကြီးကျယ်သော အဆောက်အဦရှိ၏၊ များပြားသောအဆောက်အဦတို့ဖြင့် ကောင်းစွာ တီးခတ် အပ်သည် ဖြစ်၍ မြည်ပါ၏။ များပြားကြီးကျယ်သောအဆောက်အဦဟူသည် အဘယ်နည်း၊ စောင်းခွက်ကို စွဲ၍လည်းကောင်း၊ သားရေကို စွဲ၍လည်းကောင်း၊ စောင်းလက်တံရိုးကို စွဲ၍လည်းကောင်း၊ စောင်းကြိုး အလျှော့အတင်း ခလုတ်များကိိုု စွဲ၍လည်းကောင်း၊ စောင်းကြိုးတို့ကို စွဲ၍လည်းကောင်း၊ လက်ခတ်ကို စွဲ၍လည်းကောင်း၊ ယောကျာ်း၏ ထိုစောင်းအားလျော်သော လုံ့လကို စွဲ၍လည်းကောင်း မြည်ပါ၏။ အသျှင် ဤစောင်းမည်သည်ကား ဤသို့များပြားသော အဆောက်အဦရှိ၏၊ ကြီးကျယ်သော အဆောက်အဦရှိ၏၊ များပြားသောအဆောက်အဦတို့ဖြင့် ကောင်းစွာ တီးခတ်အပ်သည် ဖြစ်၍ မြည်ပါ၏”ဟု ပြောဆိုကုန်၏။ ထိုမင်းသည့်ထိုစောင်းကို ဆယ်စိတ်သော်လည်းကောင်း၊ အစိတ်တစ်ရာသော်လည်းကောင်း ခွဲရာ၏။ ဆယ်စိတ်သော်လည်းကောင်း၊ အစိတ်တစ်ရာသော်လည်းကောင်း ခွဲပြီးလျှင် အစိတ်စိတ်အမှုန့်မှုန့် ပြုလုပ်ရာ၏။

အစိတ်စိတ်အမှုန့်မှုန့် ပြုလုပ်ပြီး၍ မီးဖြင့် တိုက်ရာ၏၊ မီးတိုက်ပြီးလျှင် ပြာဖြစ်အောင် ပြုရာ၏၊ ပြာဖြစ်အောင် ပြုပြီးလျှင် လေပြင်း၌ သော်လည်း လွှင့်ရာ၏၊ လျင်မြန်သော အလျဉ်ရှိသော မြစ်၌ သော်လည်းမျှော လေရာ၏။ ထိုမင်းသည် “အချင်းတို့ ဤစောင်းမည်သည်ကား ယုတ်မာလေစွ၊ ဤစောင်းကဲ့သို့ပင်အခြား ကြိုးတပ်အရာဟူသမျှ အားလုံးသည် ယုတ်မာလှ၏၊ ယင်းသို့ ယုတ်မာပါလျက် ဤစောင်း၌ လူအများသည် လွန်စွာ မေ့လျော့ဘိ၏၊ မြူးတူးဘိ၏ “ဟု ပြောဆိုရာ၏။

ရဟန်းတို့ ဤအတူ ရဟန်းသည် ရုပ်၏ ဖြစ်ရာ’ဂတိ’ ကို စူးစမ်းရှာဖွေရာ၏၊ ခံစားမှု’ဝေဒနာ’၏ဖြစ်ရာ ‘ဂတိ’ ကို စူးစမ်းရှာဖွေရာ၏၊ မှတ်သားမှု ‘သညာ’၏ ဖြစ်ရာ ‘ဂတိ’ကို စူးစမ်းရှာဖွေရာ၏၊ ပြုပြင်မှု’သင်္ခါရ’ တို့၏ ဖြစ်ရာ ‘ဂတိ ‘ကို စူးစမ်းရှာဖွေရာ၏၊ ဝိညာဏ်၏ ဖြစ်ရာ ‘ဂတိ’ ကို စူးစမ်းရှာဖွေရာ၏၊ ရုပ်ဖြစ်ရာ ‘ဂတိ’ ကို စူးစမ်းရှာဖွေသော ခံစားမှု ‘ဝေဒနာ’ကို။ပ။ မှတ်သားမှု’သညာ’ကို။ ပြုပြင်မှု ‘သင်္ခါရ’တို့ကို။ ဝိညာဏ်၏ ဖြစ်ရာ ‘ဂတိ’ကို စူးစမ်းရှာဖွေသော ထိုရဟန်းအား ငါဟူ၍လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍လည်းကောင်း၊ ငါ၏ အတ္တဟူ၍လည်းကောင်း စွဲလမ်းမှုသည် မဖြစ်နိုင်တော့ချေဟု (မိန့်တော်မူ၏)။

နဝမသုတ်။