သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၁ဝ—ဆပ္ပါဏကောပမသုတ်

၂၄၇။ ရဟန်းတို့ ဥပမာသော်ကား ကိုယ်၌ အနာရှိ၍ ကိုယ်အနာ မှည့်နေသော ယောကျာ်းသည်ဆူးငြောင့်တောသို့ ဝင်ရာ၏၊ ထိုယောကျာ်း၏ ခြေတို့ကို သမန်းဆူးတို့သည် စူးကုန်ရာ၏၊ မှည့်သောအနာရှိသော ကိုယ်တို့ကို ခြစ်မိကုန်ရာ၏၊ ရဟန်းတို့ ဤသို့လျှင် ထိုယောကျာ်းသည် အတိုင်းထက်အလွန်ထိုဆူးစူးမှုဟူသော အကြောင်းကြောင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရရာ၏။ ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ ရဟန်းအချို့သည် ရွာသို့ သွားသော်လည်းကောင်း၊ တောသို့သွားသော်လည်းကောင်း “ ဤအသျှင်သည်ကား ဤသို့ ပြုလေ့ရှိ၏၊ ဤသို့သော အကျင့်ရှိ၏၊ မစင်ကြယ်သော ရွာသူတို့၏ ဆူးငြောင့် ဖြစ်ရာ၏”ဟု ကဲ့ရဲ့ခြင်းကို ခံရ၏။ ထိုရဟန်းကို”ဆူးငြောင့်”ဟူ၍ သိပြီးလျှင် စောင့်စည်းမှုကိုလည်း ကောင်း၊ မစောင့်စည်းမှုကိုလည်းကောင်း သိအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မစောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်ထွက်၏၊ ခန္ဓာကိုယ်၌ မထင်သော သတိရှိသည် ဖြစ်ရကားယုတ်ညံ့သော စိတ်ရှိသည်ဖြစ်၍ နေ၏။ ဖြစ်ပြီးဖြစ်ဆဲသော ထိုယုတ်ညံ့သော အကုသိုလ်တရားတို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှလွတ်မြောက်သော အရဟတ္တဖိုလ်ပညာ ကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။

နားဖြင့် အသံကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူသော်။ လျှာဖြင့် အရသာကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘောရှိသောသဘောတရား၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်ထွက်၏၊ ခန္ဓာကိုယ်၌ မထင်သော သတိရှိသည် ဖြစ်ရကား ယုတ်ညံ့သော စိတ်ရှိသည်ဖြစ်၍ နေ၏။ ဖြစ်ပြီးဖြစ်ဆဲသောထိုယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သောအရဟတ္တ ဖိုလ်စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာမသိ။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် နယ်ပယ်တစ်မျိုးစီ စားကျက်တစ်မျိုးစီ ဖြစ်ကုန်သော သတ္တဝါခြောက်ကောင်တို့ကို ဖမ်းယူပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏။ မြွေကို ဖမ်းပြီးလျှင်ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ မိချောင်းကို ဖမ်းပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ ငှက်ကို ဖမ်းပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ အိမ်ခွေးကို ဖမ်းပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့်ချည်ထား ရာ၏၊ တောခွေးကို ဖမ်းပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ မျောက်ကို ဖမ်းပြီးလျှင်ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏။ ခိုင်ခံ့သော ကြိုးဖြင့် ချည်ပြီးလျှင် အလယ်၌ အထုံးအဖွဲ့ကို ပြုကာလွှတ်လိုက် ရာ၏။

ရဟန်းတို့ ထိုအခါ နယ်ပယ်တစ်မျိုးစီ စားကျက်တစ်မျိုးစီ ဖြစ်ကုန်သော သတ္တဝါခြောက်ကောင်တို့သည် မိမိမိမိတို့၏ စားကျက်နယ်ပယ်သို့ ရုန်းကြကုန်ရာ၏၊ မြွေသည် “တောင်ပို့သို့ ဝင်မည်”ဟု ရုန်းရာ၏၊ မိကျောင်းသည် “ရေသို့ ဆင်းမည်”ဟု ရုန်းရာ၏၊ ငှက်သည် “ကောင်းကင်သို့ ပျံမည်”ဟု ရုန်းရာ၏၊ အိမ်ခွေးသည် “ရွာသို့ ဝင်မည်”ဟု ရုန်းရာ၏၊ တောခွေးသည် “သုသာန်သို့ ဝင်မည်”ဟု ရုန်းရာ၏၊ မျောက်သည် “တောသို့ ဝင်မည်”ဟု ရုန်းရာ၏။ ရဟန်းတို့ ထိုသတ္တဝါခြောက်ကောင်တို့သည် ဆာလောင်မွတ်သိပ်ပင်ပန်းလျက် ရှိကြသောအခါ ထိုသတ္တဝါတို့တွင် အားအကောင်းဆုံးသတ္တဝါ၏ နောက်သို့ အားလုံးလိုက်ပါကြရကုန်၏၊ အစဉ်တစိုက် လိုက်ကြရကုန်၏၊ အလိုသို့ လိုက်ကြရကုန်၏။

ရဟန်းတို့ ဤအတူပင် မည့်သည့်ရဟန်းမဆို ကာယဂတာသတိကို မပွါးများအပ်ကုန်၊ ကြိမ်ဖန်များ စွာမပြုအပ်ကုန်၊ ထိုရဟန်းကို မျက်စိသည် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော အဆင်းတို့သို့ ဆွဲငင်၏၊ စိတ်နှလုံးကို မပွါးစေတတ်ကုန်သော အဆင်းတို့သည် စက်ဆုပ်ဖွယ် ဖြစ်ကုန်၏။ပ။ စိတ်သည် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော သဘောတရားတို့သို့ ဆွဲငင်၏၊ စိတ်နှလုံးကို မပွါးစေတတ်ကုန်သော သဘောတရားတို့သည် စက်ဆုပ်ဖွယ် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် မစောင့်စည်းမှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် စောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်မထွက်၊ ခန္ဓာကိုယ်၌ ထင်သော သတိရှိသည် ဖြစ်ရကား မြင့်မြတ်သောစိတ်ဖြင့် နေ၏။ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့သော အကုသိုလ်တရားတို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ် ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ပ။ လျှာဖြင့် အရသာကိုလျက်သော်။ပ။ စိတ်ဖြင့် သဘောတရား ကို သိသော် ချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော သဘော တရား၌ အမျက်မထွက်၊ ခန္ဓာကိုယ်၌ ထင်သောသတိရှိသည် ဖြစ်ရကား မြင့်မြတ်သော စိတ်ဖြင့်နေ၏။ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့သောအကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် နယ်ပယ်တစ်မျိုးစီ စားကျက်တစ်မျိုးစီ ဖြစ်ကုန်သောသတ္တဝါခြောက်ကောင်တို့ကို ဖမ်းယူပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏။ မြွေကို ဖမ်းပြီးလျှင်ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ မိချောင်းကို ဖမ်းပြီးလျှင် ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ ငှက်ကို ဖမ်းပြီးလျှင်။ပ။ အိမ်ခွေးကို ဖမ်းပြီးလျှင်။ တောခွေးကို ဖမ်းပြီးလျှင်။ မျောက်ကို ဖမ်းပြီးလျှင်ခိုင်ခံ့သော ကြိုးဖြင့် ချည်ထားရာ၏၊ ခိုင်ခံ့သော ကြိုးဖြင့် ချည်ပြီးလျှင် ခိုင်ခံ့သော ငုတ်၌ ဖြစ်စေ၊ တိုင်၌ ဖြစ်စေ ပူး၍ ချည်ထားရာ၏။ ရဟန်းတို့ ထိုအခါ နယ်ပယ်တစ်မျိုးစီ စားကျက်တစ်မျိုးစီဖြစ်ကုန်သော သတ္တဝါခြောက် ကောင်တို့သည် မိမိမိမိတို့၏ စားကျက်နယ်ပယ်သို့ ရုန်းကြကုန်ရာ၏။

မြွေသည် “တောင်ပို့သို့ ဝင်မည်”ဟု ရုန်းရာ၏၊ မိကျောင်းသည် “ရေသို့ ဆင်းမည်”ဟု ရုန်းရာ၏၊ ငှက်သည် “ကောင်းကင်သို့ ပျံမည်”ဟု ရုန်းရာ၏၊ အိမ်ခွေးသည် “ရွာသို့ ဝင်မည်”ဟု ရုန်းရာ၏၊ တောခွေးသည် “သုသာန်သို့ ဝင်မည်”ဟု ရုန်းရာ၏၊ မျောက်သည် “တောသို့ ဝင်မည်”ဟု ရုန်းရာ၏။

ရဟန်းတို့ ထိုသတ္တဝါခြောက်ကောင်တို့သည် ဆာလောင်မွတ်သိပ်ပင်ပန်းလျက် ရှိကြသော အခါထိုငုတ်၌ ဖြစ်စေ၊ တိုင်၌ ဖြစ်စေ အနီး၌ ရပ်ကုန်ရာ၏၊ အနီး၌ ဝပ်ကုန်ရာ၏၊ အနီး၌ အိပ်ကုန်ရာ၏။

ရဟန်းတို့ ဤဥပမာအတူပင် မည့်သည့်ရဟန်းမဆို ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏။ ထိုရဟန်းကို မျက်စိသည် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော အဆင်းတို့သို့မဆွဲငင်နိုင်၊ စိတ်နှလုံးကို မပွါးစေတတ်သော အဆင်းတို့သည် စက်ဆုပ်ဖွယ် မဖြစ်ကုန်။ပ။ လျှာသည်စိတ် နှလုံးကို ပွါးစေတတ်သော အရသာတို့သို့ မဆွဲငင်နိုင်။ပ။ စိတ်သည် စိတ်နှလုံးကို ပွါးစေတတ်သောသဘောတရားတို့သို့ မစွဲငင်နိုင်၊ စိတ်နှလုံးကို မပွါးစေတတ်သော သဘောတရားတို့သည် စက်ဆုပ်ဖွယ်မဖြစ်ကုန်။ ရဟန်းတို့ ဤသို့လျှင် စောင့်စည်းမှု ဖြစ်၏။

ရဟန်းတို့ “ခိုင်ခံ့သော ငုတ်နှင့်တိုင်”ဟူသော ဤအမည်သည် ‘ကာယဂတာသတိ’၏ အမည်တည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့်ပင်လျှင် “ကာယဂတာသတိကို ငါတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် ယာဉ်ကဲ့သို့ ပြုအပ် တည်ရာကဲ့သို့ ပြုအပ် မပြတ် ဖြစ်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည် ဖြစ်လတ္တံ့”ဟု သင်တို့ ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။