သံယုတ္တနိကာယ်—၃၅

(၈) ၃—ဂိလာနဝဂ်

၉—လောကပဥှာသုတ်

၈၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား “လောက လောက”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းကြောင့် “လောက”ဟု ဆိုအပ်ပါသနည်း။ ရဟန်းပျက်စီးတတ် သောကြောင့် “လောက”ဟု ဆိုအပ်၏။

အဘယ်သည် ပျက်စီးတတ်သနည်း၊ ရဟန်း မျက်စိသည် ပျက်စီးတတ်၏၊ အဆင်းတို့သည် ပျက်စီးတတ်ကုန်၏၊ စက္ခုဝိညာဏ်သည် ပျက်စီးတတ်၏၊ စက္ခုသမ္ဖဿသည် ပျက်စီးတတ်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ပျက်စီးတတ်၏။ပ။ လျှာသည် ပျက်စီးတတ်၏။ပ။ စိတ်သည် ပျက်စီးတတ်၏၊ သဘောတရားတို့သည်ပျက်စီးတတ်ကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်၏၊ မနောသမ္ဖဿသည် ပျက်စီးတတ်၏၊ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ပျက်စီးတတ်၏။

ရဟန်း ထိုသို့ ပျက်စီးတတ်သောကြောင့် “လောက”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။