သံယုတ္တနိကာယ်—၃၅

(၉) ၄—ဆန္နဝဂ်

၇—ပဌမ ဧဇာသုတ်

၉ဝ။ ရဟန်းတို့ တဏှာသည်ကား ရောဂါတည်း၊ တဏှာသည် အိုင်းအမာတည်း၊ တဏှာသည်ငြောင့်တံသင်းတည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် တဏှာ မရှိသည်ဖြစ်၍ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏။

ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း “တဏှာ မရှိသည်ဖြစ်၍ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ” မျက်စိကို အထင်မမှားရာ၊ မျက်စိ၌ အထင်မမှားရာ၊ မျက်စိမှ အထင်မမှားရာ၊ မျက်စိကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အဆင်းတို့ကို အထင်မမှားရာ၊ အဆင်းတို့၌ အထင်မမှားရာ၊ အဆင်းတို့မှ အထင်မမှားရာ၊ အဆင်းတို့ကို ငါ့ဥစ္စာဟု အထင်မမှားရာ။ စက္ခုဝိညာဏ်ကိုအထင်မမှားရာ၊ စက္ခုဝိညာဏ်၌ အထင်မမှားရာ၊ စက္ခုဝိညာဏ်မှ အထင်မမှားရာ၊ စက္ခုဝိညာဏ်ကိုငါ့ဥစ္စာဟု အထင်မမှား ရာ။ စက္ခုသမ္ဖဿကို အထင်မမှားရာ၊ စက္ခုသမ္ဖဿ၌ အထင်မမှားရာ၊ စက္ခုသမ္ဖဿမှ အထင်မမှားရာ၊ စက္ခုသမ္ဖဿကို ငါ့ဥစ္စာဟု အထင်မမှားရာ။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ့ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထို ဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်းအထင်မမှားရာ။

နားကို အထင်မမှားရာ။ နှာခေါင်းကို အထင်မမှားရာ။ လျှာကို အထင်မမှားရာ၊ လျှာ၌ အထင်မမှားရာ၊ လျှာမှ အထင်မမှားရာ၊ လျှာကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အရသာတို့ကို အထင်မမှားရာ။ ဇိဝှါဝိညာဏ်ကို အထင်မမှားရာ။ပ။ ဇိဝှါဝိသမ္ဖဿကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်းအထင် မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။

ကိုယ်ကို အထင်မမှားရာ။ စိတ်ကို အထင်မမှားရာ၊ စိတ်၌ အထင်မမှားရာ၊ စိတ်မှ အထင်မမှားရာ၊ စိတ်ကို ငါ့ဥစ္စာဟု အထင်မမှားရာ။ သဘောတရားတို့ကို အထင်မမှားရာ။ မနောဝိညာဏ်ကို အထင်မမှားရာ။ မနောသမ္ဖဿကို အထင်မမှားရာ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ အလုံးစုံကို အထင်မမှားရာ၊ အလုံးစုံ၌ အထင်မမှားရာ၊ အလုံးစုံမှ အထင်မမှားရာ၊ အလုံးစုံကို ငါ့ဥစ္စာဟု အထင်မမှားရာ။

ဤသို့ အထင်မမှားသော ထိုရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ “ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။