သံယုတ္တနိကာယ်—၃၅
(၉) ၄—ဆန္နဝဂ်
၁ဝ—ဒုတိယ ဒွယသုတ်
၉၃။ ရဟန်းတို့ နှစ်ခုနှစ်ခုသော အစုတရားကို စွဲ၍ ဝိညာဏ်ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင်နှစ်ခုနှစ်ခုသော အစုတရားကို စွဲ၍ ဝိညာဏ်ဖြစ်သနည်း။
မျက်စိနှင့် အဆင်းတို့ကို စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်၏။ မျက်စိသည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ အဆင်းတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ့ကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်းပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (မျက်စိ အဆင်းစက္ခုဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ် ဖြစ်မှုကို စက္ခုသမ္ဖဿဟု ဆိုအပ်၏။ စက္ခုသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုသမ္ဖဿ ဖြစ်ပေါ်လာရန်အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော စက္ခုသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။
ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏၊ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏၊ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ပ။
လျှာနှင့် အရသာတို့ကို စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်၏။ လျှာသည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ်၏။ အရသာတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်းပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော ဇိဝှါဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (လျှာ အရသာ ဇိဝှါဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ် ဖြစ်မှုကို ဇိဝှါသမ္ဖဿဟု ဆိုအပ်၏။ ဇိဝှါသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏၊ ဇိဝှါသမ္ဖဿ ဖြစ်ပေါ်လာရန်အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော ဇိဝှါသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။
ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏၊ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏၊ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ပ။
စိတ်နှင့် သဘောတရားတို့ကို စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်၏။ စိတ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ သဘောတရားတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်လေ့ရှိကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်း ပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောဝိညာဏ်သည်မမြဲ၊ ဖောက်ပြန်လေ့ ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသောအကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော မနောဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (စိတ် သဘောတရား မနောဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ်ဖြစ်မှုကို မနော သမ္ဖဿဟု ဆိုအပ်၏။ မနောသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောသမ္ဖဿ ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုး တစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ့ဖြစ်ပေါ်လာသော မနောသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။
ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏။ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏။
ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။
ရဟန်းတို့ ဤသို့ နှစ်ခုနှစ်ခုသော အစုကို စွဲ၍ ဝိညာဏ် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက် ဆန္နဝဂ် ပြီး၏။