သံယုတ္တနိကာယ်—၃၆
၁—သဂါထာဝဂ်
၁—သမာဓိသုတ်
၂၄၉။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ ‘တို့ကား ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
တည်ကြည်မှု ‘သမာဓိ’ ဆင်ခြင်မှု ‘ပညာ’ အောက်မေ့မှု ‘သတိ’ ရှိသော မြတ်စွာ ဘုရား၏တပည့်သာဝကသည် ဝေဒနာတို့ကိုလည်းကောင်း၊ ဝေဒနာတို့၏ ဖြစ် ကြောင်းကိုလည်းကောင်း၊ ဝေဒနာတို့၏ ချုပ်ငြိမ်းရာကိုလည်းကောင်း၊ ဝေဒနာတို့၏ ချုပ်ရာ (နိဗ္ဗာန်သို့) ရောက်ကြောင်းမဂ်ကိုလည်းကောင်း သိ၍ ဝေဒနာတို့၏ ကုန်ခြင်းကြောင့် ရဟန်းသည် တဏှာဟူသော ဆာလောင်မှုကင်းသည် ဖြစ်၍ ချုပ်ငြိမ်းနိုင်၏။
ပဌမသုတ်။