သံယုတ္တနိကာယ်—၃၆

၁—သဂါထာဝဂ်

၆—သလ္လသုတ်

၂၅၄။ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် သုခဝေဒနာကိုလည်း ခံစားရ၏၊ ဒုက္ခဝေဒနာကိုလည်း ခံစားရ၏၊ ဥပေက္ခာဝေဒနာကိုလည်း ခံစားရ၏။ ရဟန်းတို့ အကြားအမြင်ရှိသောအရိယာတပည့်သည် သုခဝေဒနာကိုလည်း ခံစားရ၏၊ ဒုက္ခဝေဒနာကိုလည်း ခံစားရ၏၊ ဥပေက္ခာဝေဒနာကိုလည်း ခံစားရ၏။ ရဟန်းတို့ ထိုသူနှစ်ဦးတို့တွင် အကြားအမြင် မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာတပည့်၏ ထူးခြားမှုကား အဘယ်နည်း၊ လွန်ကဲမှုကား အဘယ်နည်း၊ ကွဲပြားမှုကားအဘယ်နည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံရှိပါကုန်၏့။ပ။

ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် ဒုက္ခဝေဒနာဖြင့် တွေ့ထိခံရသော် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်ထုလျက် မြည်တမ်းရ၏၊ မိန်းမောခြင်းသို့ ရောက်ရ၏၊ ကိုယ်၌လည်းဖြစ်သောစိတ်၌လည်းဖြစ်သော နှစ်မျိုးသော ဝေဒနာတို့ကို ခံစားရ၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းကို ငြောင့်စူးမိရာ၏၊ ထိုသူကို ဒုတိယငြောင့်သည် ပဌမငြောင့်စူးရာ အနီး၌ စူးပြန်ရာ၏၊ ရဟန်းတို့ ဤသို့လျှင် ထိုယောကျာ်းသည် ငြောင့်နှစ်ချောင်းဖြင့်ဝေဒနာ ခံစားနေရ၏။

ရဟန်းတို့ ဤအတူပင် အကြားအမြင် မရှိသော ပုထုဇဉ်သည် ဒုက္ခဝေဒနာဖြင့် တွေ့ထိခံရသော်စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်ထုလျက် မြည်တမ်းရ၏၊ မိန်းမောခြင်းသို့ ရောက်ရ၏၊ ထိုသူသည် ကိုယ်၌လည်းဖြစ်သော စိတ်၌လည်းဖြစ်သော နှစ်မျိုးသော ဝေဒနာတို့ကို ခံစားရ၏။ ထိုသူသည်ဒုက္ခဝေဒနာဖြင့် တွေ့ထိအပ်သော် အမျက်ထွက်၏၊ ဒုက္ခဝေဒနာဖြင့် အမျက်ထွက်သူအားဒုက္ခဝေဒနာကြောင့် ဖြစ်သော ပဋိဃာနုသယသည် ကိန်း၏၊ ထိုသူသည် ဒုက္ခဝေဒနာဖြင့် တွေ့ထိရသော်ကာမချမ်းသာကို နှစ်သက်၏။ ထိုသို့နှစ်သက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုအကြားအမြင်မရှိသော ပုထုဇဉ်သည် ကာမချမ်းသာမှ တစ်ပါး ဒုက္ခဝေဒနာမှ ထွက်မြောက်ရာကိုမသိသောကြောင့်တည်း။ ကာမ ချမ်းသာကို နှစ်သက်သော ထိုသူအား သုခဝေဒနာကြောင့် ဖြစ်သောရာဂါနုသယသည် ကိန်း၏။ ထိုသူသည် ထိုဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်း ကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုဝေဒနာ တို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိသော ထိုသူအား ဥပေက္ခာဝေဒနာ ကြောင့်ဖြစ်သော အဝိဇ္ဇာနုသယသည် ကိန်း၏။ ထိုသူသည် သုခဝေဒနာကို ခံစားအံ့၊ (ကိလေသာနှင့်) ယှဉ်သည်ဖြစ်၍ ထိုသုခဝေဒနာကို ခံစား၏။ ဒုက္ခဝေဒနာကို ခံစားအံ့၊ (ကိလေသာနှင့်) ယှဉ်သည် ဖြစ်၍ ထိုဒုက္ခဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားအံ့၊ (ကိလေသာနှင့်) ယှဉ်သည် ဖြစ်၍ ထိုဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့ အကြားအမြင် မရှိသော ဤပုထုဇဉ်ကို ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပူပန်မှုတို့နှင့် ယှဉ်စပ်နေသူဟု ဆိုရ၏။ ဆင်းရဲဒုက္ခနှင့် ယှဉ်စပ်နေသူဟု ငါ ဆို၏။

ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်သည်ကား ဒုက္ခဝေဒနာဖြင့် တွေ့ထိခံရသော် မစိုးရိမ်မပင်ပန်း မငိုကြွေး ရင်ထုလျက် မမြည်တမ်း၊ မိန်းမောခြင်းသို့ မရောက်။ ထိုသူသည် ကိုယ်၌ ဖြစ်သောဝေဒနာတစ်မျိုးကိုသာ ခံစားရ၏၊ စိတ်၌ ဖြစ်သော ဝေဒနာကို မခံစားရ။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းကို ငြောင့်စူးမိရာ၏၊ ထိုသူကို ဒုတိယငြောင့်သည် နောက်ထပ်မစူးရာ။ ရဟန်းတို့ ဤသို့လျှင် ထိုယောကျာ်းသည် ငြောင့်တစ်ချောင်းဖြင့် ဝေဒနာ ခံစားရ၏။

ရဟန်းတို့ ဤအတူပင် အကြားအမြင်ရှိသော အရိယာတပည့်သည် ဒုက္ခဝေဒနာဖြင့် တွေ့ထိခံစားရသော် မစိုးရိမ်ရ၊ မပင်ပန်းရ၊ မငိုကြွေးရ၊ ရင်ထုလျက် မမြည်တမ်းရ၊ မိန်းမောခြင်းသို့ မရောက်ရ။ ထိုသူသည် ကိုယ်၌ ဖြစ်သော ဝေဒနာတစ်မျိုးကိုသာ ခံစားရ၏၊ စိတ်၌ ဖြစ်သော ဝေဒနာကို မခံစားရ။ ထိုသူသည် ဒုက္ခဝေဒနာဖြင့် တွေ့ထိအပ်သော် အမျက်မထွက်၊ ဒုက္ခဝေဒနာဖြင့် အမျက်မထွက်သူအားဒုက္ခဝေဒနာကြောင့် ဖြစ်သော ပဋိဃာနုသယသည် မကိန်း။ ထိုသူသည် ဒုက္ခဝေဒနာဖြင့် တွေ့ထိခံရသော်ကာမချမ်းသာကို မနှစ်သက်။ ထိုမနှစ်သက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အကြားအမြင်ရှိ့သော အရိယာတပည့်သည် ကာမချမ်းသာမှ တစ်ပါး ဒုက္ခဝေဒနာမှ ထွက်မြောက်ရာကို သိသောကြောင့်တည်း။ ကာမချမ်းသာကို မနှစ်သက်သော ထိုသူအား သုခဝေဒနာကြောင့် ဖြစ်သော ရာဂါနုသယသည်မကိန်း။ ထိုသူသည် ထိုဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာ ဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ထိုဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိသော ထိုသူအား ဥပေက္ခာ ဝေဒနာကြောင့် ဖြစ်သော အဝိဇ္ဇာနုသယသည် မကိန်း။ ထိုသူသည်သုခဝေဒနာကို ခံစားအံ့၊ (ကိလေသာ နှင့်) မယှဉ်သည် ဖြစ်၍ ထိုသုခဝေဒနာကို ခံစား၏။ ဒုက္ခဝေဒနာကိုခံစားအံ့၊ (ကိလေသာနှင့်) မယှဉ်သည် ဖြစ်၍ ထိုဒုက္ခဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားအံ့၊ (ကိလေသာနှင့်) မယှဉ်သည် ဖြစ်၍ ထိုဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပူပန်မှုတို့နှင့် မယှဉ်စပ်သူဟု ဆိုရ၏၊ ဆင်းရဲဒုက္ခနှင့် မယှဉ်စပ်သူဟုငါ ဆို၏။ ရဟန်းတို့ ဤကား အကြားအမြင်ရှိသော အရိယာတပည့်၏ အကြားအမြင် မရှိသောပုထုဇဉ်နှင့် ထူးခြားမှု လွန်ကဲမှု ကွဲပြားမှုတည်းဟု (မိန့်တော်မူ၏)။

အသိဉာဏ်ရှိသော အကြားအမြင်ရှိသော သူသည် သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်းကောင်း (ကိလေသာနှင့် ယှဉ်သည် ဖြစ်၍ ) မခံစား။ ဤသည် ကား ပုထုဇဉ်နှင့်အသိဉာဏ်ပညာရှိ၍ လိမ္မာသော သူ၏ကြီးမားသော ထူးခြား ချက်တည်း။

တရားသဘောကို နှိုင်းချိန်နိုင်သော အကြားအမြင်များသော ဤလောကနှင့် တမလွန်လောကကိုရှုမြင်နိုင်သော ထိုအရိယာသာဝက၏ စိတ်ကို ဣဋ္ဌာရုံတရား တို့သည် မနှိပ်စက်နိုင်ကုန်၊ အနိဋ္ဌာရုံတရားတို့ကြောင့်လည်း အမျက်ထွက်ခြင်းသို့ မရောက်။

ထိုအရိယာသာဝကအား လိုက်လျောမှု’ရာဂ’နှင့် ဆန့်ကျင်မှု’ဒေါသ’တို့သည် ခါ တွက်အပ်ကုန်ပြီး,ချုပ်ငြိမ်းခြင်းသို့ ရောက်ကုန်ပြီး ဖြစ်ရကား မရှိကြတော့ကုန်။ ထိုသူသည် ကိလေသာမြူကင်းသောစိုးရိမ်ခြင်းမရှိသော နိဗ္ဗာန်ကို သိသောကြောင့် ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်၍ ကောင်းစွာသိ၏။

ဆဋ္ဌသုတ်။