သံယုတ္တနိကာယ်—၃၆
၁—သဂါထာဝဂ်
၇—ပဌမ ဂေလညသုတ်
၂၅၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူလျက် သူနာကျောင်းရှိရာသို့ ကပ်ရောက်တော်မူပြီး၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးသော် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ အချိန်အခါကို စောင့်မျှော်နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏အဆုံးအမတည်း။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အောက်မေ့မှု ‘သတိ’ရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ်’သမ္ပဇဉ်’ အောက်မေ့မှု’သတိ’ရှိသည် ဖြစ်၍ လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ကို ပယ်ဖျောက်၍ နေထိုင်၏။ ဝေဒနာတို့၌ ။ပ။ စိတ်၌ ။ပ။ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ မက်မောခြင်း’အဘိဇ္ဈာ’ နှလုံး မသာခြင်း’ဒေါမနဿ’ကို ပယ်ဖျောက်၍ နေထိုင်၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် သတိရှိသူ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက်ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာပြောဆိုရာ ဆိတ်ဆိတ် နေရာ၌ သိလျက် ပြုလေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ်’သမ္ပဇဉ် ‘ ရှိသူ ဖြစ်၏။ ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ အချိန်အခါကို စောင့်မျှော်နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမတည်း။
ရဟန်းတို့ ဤသို့အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအား သုခဝေဒနာ ဖြစ်ပေါ်လာခဲ့မူ ထိုသူသည် “ငါ့အား ဤသုခဝေဒနာ ဖြစ်ပေါ်လာခဲ့ပေပြီ၊ ထိုသုခဝေဒနာကား အစွဲပြု၍ သာ ဖြစ်ပေါ်လာခဲ့၏၊ အစွဲမပြုဘဲ ဖြစ်ပေါ်လာသည် မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤခန္ဓာကိုယ်ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်ကား မမြဲသောသဘော ပြုပြင်အပ်သောသဘော အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘော ရှိ၏၊ မမြဲသောသဘော ပြုပြင်အပ်သောသဘောအကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော သုခဝေဒနာကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း”ဟု သိ၏။ ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ပျက်စီးခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ စွဲမက်မှု ကင်းကွာခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ချုပ်ငြိမ်းခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ စွန့်ပစ်ခြင်းသဘောကို မပြတ်ရှုလျက် နေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက် နေသော ပျက်စီးခြင်းသဘောကို မပြတ်ရှုလျက် နေသော စွဲမက်မှုကင်းကွာခြင်းသဘောကို မပြတ်ရှုလျက် နေသော ချုပ်ငြိမ်းခြင်းသဘောကို မပြတ်ရှုလျက် နေသောစွန့်ပစ် ခြင်းသဘောကို မပြတ်ရှုလျက် နေသော ထိုရဟန်းအား ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်း ကောင်း ရာဂါနုသယသည် ပျောက်ကင်း၏။
ရဟန်းတို့ ဤသို့ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသော ထိုရဟန်းအား ဒုက္ခဝေဒနာ ဖြစ်ပေါ်လာခဲ့မူထိုသူသည် “ငါ့အား ဤဒုက္ခဝေဒနာ ဖြစ်ပေါ်လာခဲ့ပေပြီ၊ ထိုဒုက္ခဝေဒနာကား အစွဲပြု၍ သာ ဖြစ်ပေါ်လာခဲ့၏၊ အစွဲမပြုဘဲ ဖြစ်ပေါ်လာသည် မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤခန္ဓာကိုယ်ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်ကား မမြဲသော သဘော ပြုပြင်အပ်သော သဘောအကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်း သဘောရှိ၏။ မမြဲသော သဘော ပြုပြင်အပ်သော သဘောအကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသည့် ဒုက္ခဝေဒနာကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း”ဟု သိ၏။ ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ပျက်စီးခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ စွဲမက်မှု ကင်းကွာခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ချုပ်ငြိမ်းခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ စွန့်ပစ်ခြင်းသဘောကို မပြတ်ရှုလျက် နေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက် နေသော။ပ။ စွန့်ပစ်ခြင်းသဘောကို မပြတ်ရှုလျက် နေသော ထိုရဟန်းအား ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း ပဋိဃာနုသယသည် ပျောက်ကင်း၏။
ရဟန်းတို့ ဤသို့ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသော ထိုရဟန်းအား ဥပေက္ခာဝေဒနာဖြစ်ပေါ်လာခဲ့မူ ထိုသူသည် “ငါ့အား ဤဥပေက္ခာဝေဒနာ ဖြစ်ပေါ်ခဲ့ပေပြီ၊ ဥပေက္ခာဝေဒနာကားအစွဲပြု၍ သာ ဖြစ်ပေါ်ခဲ့၏၊ အစွဲမပြုဘဲ ဖြစ်ပေါ်လာသည် မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤခန္ဓာကိုယ်ကိုပင် အစွဲ ပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်ကား မမြဲသောသဘော ပြုပြင်အပ်သော သဘော အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိ၏။ မမြဲသော သဘောပြုပြင်အပ်သော သဘော အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသည့် ဥပေက္ခာဝေဒနာကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း”ဟု သိ၏။ ထိုသူသည်ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ပျက်စီးခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ စွဲမက်မှု ကင်းကွာ ခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ချုပ်ငြိမ်းခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ စွန့်ပစ်ခြင်းသဘောကို မပြတ်ရှုလျက် နေ၏။
ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက်နေသော။ပ။ စွန့်ပစ်ခြင်းသဘောကို မပြတ်ရှုလျက် နေသော ထိုရဟန်းအား ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း အဝိဇ္ဇာနုသယသည် ပျောက်ကင်း၏။
ထိုသူသည် သုခဝေဒနာကို ခံစားခဲ့မူ ထိုဝေဒနာကား မမြဲဟု သိ၏၊ လွှမ်းမိုး၍ မဖြစ်သော တရားဟုသိ၏၊ မနှစ်သက်အပ်သော တရားဟု သိ၏၊ ဒုက္ခဝေဒနာကို ခံစားခဲ့မူ။ပ။ ဥပေက္ခာဝေဒနာကို ခံစားခဲ့မူထိုဝေဒနာကား မမြဲဟု သိ၏၊ လွှမ်းမိုး၍ မဖြစ်သော တရားဟု သိ၏၊ မနှစ်သက်အပ်သော တရားဟုသိ၏။ ထိုသူသည် သုခဝေဒနာကို ခံစားခဲ့မူ (ကိလေသာနှင့်) မယှဉ်စပ်သည် ဖြစ်၍ ထိုဝေဒနာကို ခံစား၏။ ဒုက္ခဝေဒနာကို ခံစားခဲ့မူ (ကိလေသာနှင့်) မယှဉ်စပ်သည် ဖြစ်၍ ထိုဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားခဲ့မူ (ကိလေသာနှင့်) မယှဉ်စပ်သည် ဖြစ်၍ ထိုဝေဒနာကို ခံစား၏။ ထိုသူသည်ခန္ဓာကိုယ် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “ခန္ဓာကိုယ် အပိုင်းအခြားရှိသောဝေဒနာကို ခံစား၏” ဟူ၍ သိ၏။ အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “အသက်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏”ဟူ၍ သိ၏။ ခန္ဓာကိုယ်ပျက်စီး၍ အသက်ကုန်ဆုံးသည်မှအထက်ကာလ၌ ဤဘဝ၌ ပင်လျှင် ခံစားမှုဟူသမျှတို့သည် မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့ဟု သိ၏။
ရဟန်းတို့ ဥပမာသော်ကား ဆီကို အစွဲပြု၍လည်းကောင်း၊ မီးစာကို အစွဲပြု၍လည်းကောင်း ဆီမီးသည် တောက်နေရာ၏။ ထိုဆီ၏လည်းကောင်း၊ ထိုမီးစာ၏လည်းကောင်း ကုန်ခန်းခြင်းကြောင့်ပင်လျှင်လောင်စာ မရှိသည်ဖြစ်၍ ငြိမ်းလေရာ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ခန္ဓာကိုယ် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “ခန္ဓာကိုယ် အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏ “ဟူ၍ သိ၏၊ အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “အသက် အပိုင်းအခြားရှိသော ဝေဒနာကိုခံစား၏ “ဟူ၍ သိ၏၊ ခန္ဓာကိုယ်ပျက် စီး၍ အသက် ကုန်ဆုံးသည်မှ အထက်ကာလ၌ ဤဘဝ၌ ပင်လျှင်ခံစားမှုဟူသမျှတို့သည် မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့ဟု သိ၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။