သံယုတ္တနိကာယ်—၃၆

၁—သဂါထာဝဂ်

၈—ဒုတိယ ဂေလညသုတ်

၂၅၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ တစ်ပါးတည်း ကိန်း့အောင်းရာမှ ထတော်မူလျက် သူနာကျောင်းသို့ ကပ်ရောက်တော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးသော် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ အချိန်အခါကို စောင့်မျှော်နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏အဆုံးအမတည်းဟု မိန့်တော်မူ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အောက်မေ့မှု ‘သတိ’ရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ ခန္ဓာကိုယ်ဟု မပြတ် ရှုလျက် ပြင်းစွာ အားထုတ်အပ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ မက်မောခြင်း’အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ကို ပယ်ဖျောက်၍ နေထိုင်၏။ ဝေဒနာတို့၌ ။ပ။ စိတ်၌ ။ပ။ သဘောတရားတို့၌ သဘောတရားတို့ဟု မပြတ် ရှုလျက် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’နှလုံးမသာ ခြင်း ‘ဒေါမနဿ’ ကို ပယ်ဖျောက်၍ နေထိုင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်သတိရှိသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်ဉာဏ်ပညာဖြင့် ပြုလေ့ရှိ၏။ပ။ ပြောဆိုရာ ဆိတ်ဆိတ် နေရာ၌ ဆင်ခြင်ဉာဏ်ပညာဖြင့် ပြုလေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ဖြင့် ပြုလေ့ရှိသူ ဖြစ်၏။

ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ အချိန်အခါကိုစောင့်မျှော်နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမတည်း။ ရဟန်းတို့ ဤသို့ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ် ‘ ရှိသည် ဖြစ်၍ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအား သုခဝေဒနာ ဖြစ်ပေါ်လာခဲ့မူ ထိုသူသည်”ငါ့အား ဤသုခဝေဒနာ ဖြစ်ပေါ်ခဲ့၏၊ ထိုသုခဝေဒနာကား အစွဲပြု၍ သာ ဖြစ်ပေါ်လာခဲ့၏၊ အစွဲမပြုဘဲဖြစ်ပေါ်လာသည် မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤတွေ့ထိမှုကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤတွေ့ထိမှုသည်ကား မမြဲသော သဘော ပြုပြင်အပ်သော သဘော အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိ၏။ မမြဲသော သဘော ပြုပြင်အပ်သော သဘော အကြောင်းကို အစွဲပြု၍ ဖြစ် ပေါ်ခြင်းသဘောရှိသော တွေ့ထိမှုကို အစွဲပြု၍ ဖြစ်ပေါ်လာသည့် သုခဝေဒနာကား အဘယ်မှာမြဲနိုင်လိမ့် မည်နည်း”ဟု သိ၏။ ထိုရဟန်းသည် တွေ့ထိမှု၌လည်းကောင်း၊ ချမ်းသာမှု ‘သုခဝေဒနာ’ ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုလျက် နေ၏၊ ပျက်စီးခြင်း စွဲမက်မှုကင်းကွာခြင်း ချုပ်ခြင်း စွန့်ပစ်ခြင်း သဘောကို မပြတ်ရှုလျက် နေ၏။ တွေ့ထိမှု၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း မမြဲခြင်း သဘော ကို မပြတ်ရှုလျက် နေသော ပျက်စီးခြင်း စွဲမက်မှုကင်းကွာခြင်း ချုပ်ခြင်း စွန့်ပစ်ခြင်းသဘောကို မပြတ် ရှုလျက် နေသော ထိုရဟန်းအားတွေ့ထိမှု၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း ရာဂါနုသယသည် ပျောက်ကင်း၏။

ရဟန်းတို့ ဤသို့ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ်’သမ္ပဇဉ်’ ရှိလျက်။ပ။ နေသော ထိုရဟန်းအားဒုက္ခဝေဒနာ ဖြစ်ပေါ်လာခဲ့မူ။ပ။ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာခဲ့မူ ထိုသူသည် ငါ၏သန္တာန်၌ ဤဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာ၏၊ ထိုဝေဒနာကား အစွဲပြု၍ ဖြစ်ပေါ်လာ၏၊ အစွဲမပြုဘဲ ဖြစ်ပေါ်လာသည် မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤတွေ့ထိမှုကိုပင်လျှင် အစွဲပြု၍ ဖြစ်ပေါ်လာ၏ဟု သိ၏။

[ရှေ့သုတ်၌ အကျယ်ချဲ့သကဲ့သို့ ထို့အတူ ချဲ့ရမည်]။ ခန္ဓာကိုယ်ပျက်စီး၍ အသက်ကုန်ဆုံးသည်မှ အထက်ကာလ၌ ဤဘဝ၌ ပင်လျှင် ခံစားမှုဟူသမျှတို့သည် မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့ဟုသိ၏။

ရဟန်းတို့ ဥပမာသော်ကား ဆီကို အစွဲပြု၍လည်းကောင်း၊ မီးစာကို အစွဲပြု၍လည်းကောင်း ဆီမီးသည် တောက်နေရာ၏။ ထိုဆီ၏လည်းကောင်း၊ ထိုမီးစာ၏လည်းကောင်း ကုန်ခန်းခြင်းကြောင့်ပင်လျှင် လောင်စာ မရှိသည် ဖြစ်၍ ငြိမ်းလေရာ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ခန္ဓာကိုယ် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “ခန္ဓာကိုယ် အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏ “ဟူ၍ သိ၏၊ အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “အသက် အပိုင်းအခြားရှိသော ဝေဒနာကိုခံစား၏ “ဟူ၍ သိ၏၊ ခန္ဓာကိုယ် ပျက်စီး၍ အသက်ကုန်ဆုံးသည်မှ အထက်ကာလ၌ ဤဘဝ၌ ပင်လျှင်ခံစားမှုဟူသမျှတို့သည် မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့ဟု သိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။