သံယုတ္တနိကာယ်—၃၆
၁—သဂါထာဝဂ်
၉—အနိစ္စသုတ်
၂၅၇။ ရဟန်းတို့ မမြဲခြင်းသဘော ပြုပြင်အပ်သော သဘော အကြောင်းကို စွဲ၍ ဖြစ်ပေါ်ခြင်း သဘောကုန်ခြင်းသဘော ပျက်စီးခြင်းသဘော စွဲမက်မှု ကင်းကွာခြင်းသဘော ချုပ်ခြင်းသဘောရှိကြသော ဤဝေဒနာတို့ကား သုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ မမြဲခြင်းသဘော ပြုပြင်အပ်သော သဘော အကြောင်းကို စွဲ၍ ဖြစ်ပေါ်ခြင်းသဘော ကုန်ခြင်းသဘော ပျက်ခြင်းသဘော စွဲမက်မှု ကင်းကွာခြင်းသဘော ချုပ်ခြင်းသဘောရှိကြသောဝေဒနာသုံးမျိုးတို့ဟူသည် ဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။