သံယုတ္တနိကာယ်—၄ဝ

၃—တတိယ ဈာနပဥှာသုတ်

၃၃၄။ “တတိယဈာန် တတိယဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် တတိယဈာန်နည်းဟု ဤသို့ အကြံဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ နေ၏၊ သတိ, သမ္ပဇဉ်နှင့်ပြည့်စုံသည် ဖြစ်၍ ချမ်းသာခြင်း’သုခ’ကိုကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို”လျစ်လျူ ရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန် သို့ ရောက်၍ နေ၏၊ ဤသည်ကို တတိယဈာန်ဟု ဆိုအပ်၏ “ဟု ဤအကြံသည် ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါသည် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေ၏၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ ချမ်းသာခြင်း ‘သုခ’ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ် လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ ရှိသူ”ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယ ဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ နှင့် တကွ ဖြစ်သော အမှတ် ‘သညာ’နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် တတိယဈာန်ကို မမေ့လျော့လင့်၊ တတိယဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ တတိယဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ တတိယဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်ရှိသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း’သုခ’ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီးမြှောက်အပ်သော ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့်” ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

တတိယသုတ်။