သံယုတ္တနိကာယ်—၄၁

၂—ပဌမ ဣသိဒတ္တသုတ်

၃၄၄။ အခါတစ်ပါး၌ များစွာကုန်သော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ သီတင်းသုံးနေကုန်၏၊ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် (တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် “အသျှင်ဘုရားတို့ မထေရ်ရဟန်းတို့သည်နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါကုန်လော့”ဟု လျှောက်ထား၏၊ မထေရ်ရဟန်းတို့သည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံကုန်၏၊ ထိုအခါ မထေရ်ရဟန်းတို့၏ လက်ခံခြင်းကို သိ၍ နေရာမှ ထပြီးလျှင် မထေရ်ရဟန်းတို့ကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏၊ ထိုအခါ မထေရ်ရဟန်းတို့သည် ထိုညဉ့််လွန်ပြီးနောက် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် စိတ္တသူကြွယ် နေရာအိမ်သို့ ချဉ်းကပ်ကုန်၍ ခင်းထားပြီးသော နေရာ၌ ထိုင်နေကုန်၏။

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်မထေရ်ကြီးအား ဤစကားကို လျှောက်၏— “မထေရ်ကြီး့ဘုရား ဓာတ်တို့၏ ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်ပါ၏၊ အဘယ်မျှဖြင့် ဓာတ်တို့၏ထူးခြား မှုကို မြတ်စွာဘုရား ဟောအပ်ပါသနည်း”ဟုလျှောက်၏။ ဤသို့ မေးလျှောက်သော်အသျင်မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း စိတ္တသူကြွယ်သည်အသျှင်မထေရ်ကြီးအား “မထေရ်ကြီး ဘုရား ဓာတ်တို့၏ ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟုဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် ဓာတ် တို့၏ ထူခြားမှုကို မြတ်စွာဘုရားဟောအပ်ပါသနည်း”ဟု လျှောက်၏၊ နှစ်ကြိမ်မြောက်လည်း အသျှင် မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။

သုံးကြိမ်မြောက်လည်း စိတ္တသူကြွယ်သည် အသျှင်မထေရ်ကြီးအား “မထေရ်ကြီးဘုရား ဓာတ်တို့၏ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ် မျှဖြင့် ဓာတ်တို့၏ထူခြားမှုကို မြတ်စွာဘုရား ဟောအပ်ပါသနည်း”ဟု လျှောက်၏၊ သုံးကြိမ်မြောက်လည်းအသျှင်မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။

ထိုအခါ အသျှင်ဣသိဒတ္တသည် ထိုရဟန်းသံဃာ၌ အလုံးစုံတို့အောက် ငယ်သူ ဖြစ်၏၊ ထိုအခါအသျှင်ဣသိဒတ္တသည် မထေရ်ကြီးအား “မထေရ်ကြီးဘုရား အကျွန်ုပ်သည် စိတ္တသူကြွယ်၏ ပြဿနာကိုဖြေကြားပါအံ့ “ဟု လျှောက်၏၊ ဣသိဒတ္တသင်သည် စိတ္တသူကြွယ်၏ ဤပြဿနာကို ဖြေလော့ဟုမိန့်ဆို၏။ သူကြွယ် “မထေရ်ကြီးဘုရား ဓာတ်တို့၏ ထူးခြားမှု ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် ဓာတ်တို့၏ ထူးခြားမှုကို မြတ်စွာဘုရား ဟောအပ်ပါသနည်း”ဟု သင်မေးသည် မဟုတ် လော။ မှန်ပါသည် အသျှင်ဘုရား။ သူကြွယ် မြတ်စွာဘုရားဟောကြားတော်မူအပ်သော ဓာတ်တို့၏ ထူးခြားမှုကား စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ်။ပ။ မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ် တို့တည်း။ သူကြွယ် ဤမျှဖြင့် ဓာတ်တို့၏ ထူးခြားမှုကိုမြတ်စွာဘုရား ဟောကြားတော်မူအပ်ပေ၏ဟု မိန့်ဆို၏။

ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ဣသိဒတ္တ၏ စကားကို အလွန် နှစ်သက်ကာဝမ်းမြောက်၍ မထေရ်ရဟန်းတို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော အခါ မထေရ်ရဟန်းတို့သည် နေရာမှ ထ၍ ဖဲသွားကုန်၏။ ထိုအခါ မထေရ်ကြီးသည် အသျှင်ဣသိဒတ္တအား “ငါ့သျှင်ဣသိဒတ္တ ဤပြဿနာသည် သင်၏ ဉာဏ်၌ ကောင်းစွာ ထင်ပါပေ၏၊ ဤပြဿနာသည် ငါ၏ ဉာဏ်၌ မထင်ပေ၊ ငါ့သျှင်ဣသိဒတ္တ ထို့ကြောင့်ပင်လျှင် ဤသို့ သဘောရှိသော အခြားသော ပြဿနာ ရောက်လာသောအခါ သင်သည်သာလျှင် ဖြေဆိုပါလော့”ဟု ဤစကားကို မိန့်ဆို၏။

ဒုတိယသုတ်။