သံယုတ္တနိကာယ်—၄၅
၆—ဗလကရဏီယဝဂ်
၉—ဒုတိယ မေဃသုတ်
၁၅၇။ ရဟန်းတို့ တက်လာသော မိုးကြီးကို လေပြင်းမုန်တိုင်းသည် (မရွာမီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို (မဖြစ်မီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။
ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် အဘယ်သို့လျှင် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို (မဖြစ်မီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို (မဖြစ်မီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။