သံယုတ္တနိကာယ်—၄၅
၆—ဗလကရဏီယဝဂ်
၁ဝ—နာဝါသုတ်
၁၅၈။ ရဟန်းတို့ ခြောက်လတို့ပတ်လုံး ရေ၌ အပြန်ပြန် အခေါက်ခေါက် သွားလာ၍ ဆောင်းဥတု၌ကုန်းပေါ်သို့ တင်ထားသော သမုဒ္ဒရာကူး ကြိမ်ချုပ်လှေ၌ လေနေပူတို့ဖြင့် နှိပ်စက်အပ်ကုန်သော ချုပ်ဖွဲ့ထားသော ကြိမ်တို့သည် ရွာသွန်းသော မိုးရေတို့ဖြင့် စွတ်စိုအပ်သည်ဖြစ်၍ အလွယ်တကူအားဖြင့်သာလျှင်ပြတ်တောက်ပုပ်ဆွေးကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက်ပုပ်ဆွေးကုန်၏။
ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား အဘယ်သို့လျှင် သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင်ပြတ်တောက်ပုပ်ဆွေးကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက်ပုပ်ဆွေးကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။