သံယုတ္တနိကာယ်—၄၅

၆—ဗလကရဏီယဝဂ်

၁၁—အာဂန္တုကသုတ်

၁၅၉။ ရဟန်းတို့ ဥပမာသော်ကား ဧည့်သည်တို့ တည်းခိုရာအိမ်၌ အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လာ၍တည်းခို နေကြကုန်၏။ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ ကုန်သည်တို့သည်လည်းကောင်း၊ ဆင်းရဲသားတို့သည်လည်းကောင်း လာ၍ တည်းခိုနေကြကုန်၏။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍သိအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်း ခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့်ပယ်စွန့်အပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်၏၊ ထူး သော ဉာဏ်ဖြင့်မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၏၊ ထူးသော ဉာဏ်ဖြင့်ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများ၏။

ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကား အဘယ်တို့နည်း၊ ဥပါဒါနက္ခန္ဓာ ငါးပါးတို့တည်းဟု ဖြေဆိုရာ၏။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ဟူသည် အဘယ်နည်း၊ ရူပုပါဒါနက္ခန္ဓာ။ပ။

ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤတရားငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်ကုန်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ်သော တရားတို့ကား အဘယ်တို့နည်း၊ အဝိဇ္ဇာနှင့်ဘဝတဏှာတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ်ကုန်၏။ ရဟန်းတို့ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကား အဘယ်တို့နည်း၊ ဝိဇ္ဇာနှင့် ဝိမုတ္တိတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်ကုန်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကား အဘယ်တို့နည်း၊ သမထနှင့် ဝိပဿနာတရားတို့တည်း။ ရဟန်းတို့ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများအပ်ကုန်၏။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် အဘယ်သို့လျှင် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍သိအပ် သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိသနည်း၊ အဘယ်သို့လျှင် ထူးသောဉာဏ်ဖြင့် ပယ်စွန့်အပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်သနည်း၊ အဘယ်သို့လျှင်ထူးသော ဉာဏ် ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုသနည်း၊ အဘယ်သို့လျှင် ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့်ပွါးများသနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွား များသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ထူးသော ဉာဏ် ဖြင့် ပိုင်းခြား၍သိအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် သိ၏၊ ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ် သောတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်၏၊ ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၏၊ ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများ၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။