သံယုတ္တနိကာယ်—၄၅

၄—ပဋိပတ္တိဝဂ်

၃—ဝိရဒ္ဓသုတ်

၃၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အားထုတ်ကြသူ ဟူသမျှတို့အား ကောင်းစွာဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အားထုတ်သည် မည်၏။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ကို အားထုတ်သူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အားထုတ်သည် မည်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။