သံယုတ္တနိကာယ်—၄၅

၄—ပဋိပတ္တိဝဂ်

၈—ဒုတိယ ဗြဟ္မညသုတ်

၃၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဗြဟ္မညမည်သော မဂ်ကိုလည်းကောင်း၊ ဗြဟ္မညတ္ထမည်သော နိဗ္ဗာန်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဗြဟ္မညဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤသည်ကို ဗြဟ္မညဟု ဆိုအပ်၏။ ဗြဟ္မညတ္ထမည်သော နိဗ္ဗာန်ဟူသည် အဘယ်နည်း၊ တပ်မက်မှု ‘ရာဂ’ ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ရာ တွေဝေမှု ‘မောဟ’ကုန်ရာတည်း။ ဤသည်ကို ဗြဟ္မညတ္ထမည်သော နိဗ္ဗာန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။