သံယုတ္တနိကာယ်—၄၅
၄—ပဋိပတ္တိဝဂ်
၉—ပဌမ ဗြဟ္မစရိယသုတ်
၃၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဗြဟ္မစရိယမည်သော မဂ်ကိုလည်းကောင်း၊ ဗြဟ္မစရိယဖလမည်သော ဖိုလ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ ဗြဟ္မစရိယဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’တို့ တည်း။ ဤသည်ကို ဗြဟ္မစရိယဟု ဆိုအပ်၏။ ရဟန်းတို့ဗြဟ္မစရိယဖလဟူသည် အဘယ်တို့နည်း၊ သော တာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်တို့ပေတည်း။ ဤသည်တို့ကို ဗြဟ္မစရိယဖလဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။