သံယုတ္တနိကာယ်—၄၅

၁—အဝိဇ္ဇာဝဂ်

၆—ပဌမ အညတရဘိက္ခုသုတ်

၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အကျင့်မြတ်အကျင့်မြတ်ဟု ဆိုအပ်၏၊ အသျှင်ဘုရား အကျင့်မြတ်သည် အဘယ်ပါနည်း၊ အကျင့်မြတ်၏ အဆုံးကားအဘယ်ပါနည်း”ဟု (လျှောက်၏)။

ရဟန်း အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အကျင့်မြတ်တည်း။ ဤသည်တို့ကား အဘယ်တို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ရဟန်းစွဲမက်မှု ‘ရာဂ’ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ကုန်ရာ တွေဝေမှု ‘မောဟ’ကုန်ရာသည် အကျင့်မြတ်၏ အဆုံးဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။