သံယုတ္တနိကာယ်—၄၆

၃— ဥဒါယိဝဂ်

၃—ဌာနိယသုတ်

၂ဝ၄။ ရဟန်းတို့ ကာမ၌ စွဲမက်မှု ‘ကာမရာဂ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကိုနှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်းအတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြော ခြင်းငှါ ဖြစ်၏။ (၁)

ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၂)

ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်းဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၃)

ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပင်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သောတရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၄)

ရဟန်းတို့ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၅)

ရဟန်းတို့ သတိသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသောဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ရောက်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။