သံယုတ္တနိကာယ်—၄၆
၄—နီဝရဏဝဂ်
၂—ဒုတိယ ကုသလသုတ်
၂၁၃။ ရဟန်းတို့ ကုသိုလ်အဖို့ရှိကုန်သော ကုသိုလ်အသင်းအပင်းဖြစ်ကုန်သော ကုသိုလ်တရားဟူသမျှတို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိကုန်၏၊ ယောနိသောမနသိကာရလျှင် စုဝေးရာရှိကုန်၏၊ ယောနိသောမနသိကာရကို ထိုကုသိုလ်တရားတို့ထက် မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ယောနိသော မနသိကာရနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ယောနိသောမနသိကာရနှင့် ပြည့်စုံသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်း ကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ယောနိသောမနသိကာရနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။