သံယုတ္တနိကာယ်—၄၆
၆—သာကစ္ဆဝဂ်
၃ — အဂ္ဂိသုတ်
၂၃၄။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုဆောင်ယူလျက် သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ကုန်၏။ (ပရိယာယသုတ်နှင့် တူ၏)။
ရဟန်းတို့ ဤသို့ ပြောဆိုလေ့ရှိကုန်သော သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ပြောဆိုကုန်ရာ၏ — “ငါ့သျှင်တို့ စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန်အခါ မဟုတ်ပါသနည်း၊ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန် အခါဟုတ်ပါသနည်း။ ငါ့သျှင်တို့ စိတ်ပျံ့လွင့်သောအခါ၌ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန် အခါ မဟုတ်ပါသနည်း၊ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန်အခါဟုတ်ပါသနည်း”။
ရဟန်းတို့ ဤသို့ မေးအပ်သည်ရှိသော် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့သည် ပြည့်စုံစွာမဖြေဆိုနိုင်ကြကုန်လတ္တံ့၊ ထို့ပြင် ပင်ပန်းဆင်းရဲခြင်းသို့လည်း ရောက်ကုန်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ၄င်းတို့၏ အရာ မဟုတ်သောကြောင့်တည်း။
ရဟန်းတို့ ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့် ‘သာဝက’ ကိုဖြစ်စေ၊ ဤသာသနာတော်မှ ကြားနာရသော သူကိုဖြစ်စေ ဖယ်ထား၍ ဤပြဿနာတို့ကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သက်စေနိုင်မည့်သူကိုနတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ ငါဘုရား မမြင်။
ရဟန်းတို့ စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ်နစ်) သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ထစေနိုင်ခဲသောကြောင့်တည်း။
ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် အနည်းငယ်သော မီးကို တောက်စေလို၏၊ ထိုယောကျာ်းသည် ထိုမီးထဲ၌ မြက်စိုတို့ကိုလည်းကောင်း၊ နွားချေးစိုတို့ကိုလည်းကောင်း၊ ထင်းစိုတို့ကိုလည်း့ကောင်း ထည့်ရာ၏၊ ရေပါသော လေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း ကြဲဖြန့်ရာ၏။ ထိုယောကျာ်းသည် အနည်းငယ်သော မီးကို တောက်စေနိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမတောက်စေနိုင်ရာပါ။
ရဟန်းတို့ ဤအတူပင် စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ် နစ်) သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ထစေနိုင်ခဲသောကြောင့်တည်း။ (၁)
ရဟန်းတို့ စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ်နစ်) သောစိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ထစေနိုင်သောကြောင့်တည်း။
ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် အနည်းငယ်သော မီးကို တောက်စေလို၏၊ ထိုယောကျာ်းသည် ထိုမီးထဲ၌ မြက်ခြောက်တို့ကိုလည်းကောင်း၊ နွားချေးခြောက်တို့ကိုလည်းကောင်း၊ ထင်းခြောက်တို့ကိုလည်းကောင်း ထည့်ရာ၏၊ ခံတွင်းလေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း မကြဲဖြန့်ရာ။ ထိုယောကျာ်းသည် အနည်းငယ်သော မီးကို တောက်စေနိုင်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တောက်စေနိုင်ရာပါ၏။
ရဟန်းတို့ ဤအတူပင် စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန်အခါတည်း၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ်နစ်) သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ထစေနိုင်သောကြောင့်တည်း။ (၂)
ရဟန်းတို့ စိတ်ပျံ့လွင့်သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ငြိမ်းစေနိုင်ခဲသောကြောင့်တည်း။
ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မီးပုံကြီးကို ငြိမ်းအေးစေလို၏၊ ထိုယောကျာ်းသည်ထိုမီးပုံ၌ မြက်ခြောက်တို့ကိုလည်းကောင်း၊ နွားချေးခြောက်တို့ကိုလည်းကောင်း၊ ထင်းခြောက်တို့ကိုလည်းကောင်း ထည့်ရာ၏၊ ခံတွင်းလေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း မကြဲဖြန့်ရာ။ ထိုယောကျာ်းသည် မီးပုံကြီးကို ငြိမ်းအေးစေနိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မငြိမ်းအေးစေနိုင်ရာပါ။
ရဟန်းတို့ ဤအတူပင် စိတ်ပျံ့လွင့်သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ငြိမ်းစေနိုင်ခဲသောကြောင့်တည်း။ (၃)
ရဟန်းတို့ စိတ်ပျံ့လွင့်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ သမာဓိသမ္ဗောဇ္ဈင် ကိုပွါးများရန် အခါတည်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည်ငြိမ်းစေနိုင်သောကြောင့်တည်း။
ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မီးပုံကြီးကို ငြိမ်းအေးစေလို၏၊ ထိုယောကျာ်းသည်ထိုမီးပုံ၌ မြက်စိုတို့ကိုလည်းကောင်း၊ နွားချေးစိုတို့ကိုလည်းကောင်း၊ ထင်းစိုတို့ကိုလည်းကောင်း ထည့်ရာ့၏၊ ရေပါသော လေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း ကြဲဖြန့်ရာ၏။ ထိုယောကျာ်းသည်မီးပုံ ကြီးကို ငြိမ်းအေးစေနိုင်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားငြိမ်းအေးစေနိုင်ရာပါ၏။
ရဟန်းတို့ ဤအတူပင် စိတ်ပျံ့လွင့်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ငြိမ်းအေးစေနိုင်သောကြောင့်တည်း။ (၄)
ရဟန်းတို့ သတိကိုကား အလုံးစုံ (စိတ်ဆုတ်နစ်ရာ စိတ်ပျံ့လွင့်ရာ) ၌ အလိုရှိအပ်ပေ၏ဟု ငါဘုရားဆို၏ဟု (မိန့်တော်မူ၏)။ (၅)
တတိယသုတ်။