သံယုတ္တနိကာယ်—၄၆
၁—ပဗ္ဗတဝဂ်
၉—ပဌမ ဥပ္ပန္နသုတ်
၁၉ဝ။ ရဟန်းတို့ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သောဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်သောအခါ၌သာ ဖြစ်ကြကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။
ရဟန်းတို့ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်သောအခါ၌သာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။