သံယုတ္တနိကာယ်—၄၈

၂—မုဒုတရဝဂ်

၉—သမ္ပန္နသုတ်

၄၈၉။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ‘ဣန္ဒြေတို့နှင့် ပြည့်စုံသူ ဣန္ဒြေတို့နှင့် ပြည့်စုံသူ’ဟု ဆိုပါ၏၊ အဘယ်မျှဖြင့် ‘ဣန္ဒြေတို့နှင့် ပြည့်စုံသူ’ ဖြစ်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သော ကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သောသဒ္ဓိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သော ကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သော ဝီရိယိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သောကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သော သတိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သော ကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ရောက်စေတတ်သော သမာဓိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သောကောင်းစွာ သိသော (အရဟ တ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သော ပညိန္ဒြေကို ပွားများ၏။ ရဟန်းဤမျှဖြင့် ရဟန်းသည် “ဣန္ဒြေ တို့နှင့် ပြည့်စုံသူ” ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။