သံယုတ္တနိကာယ်—၄၈
၃—ဆဠိန္ဒြိယဝဂ်
၁—ပုနဗ္ဘဝသုတ်
၄၉၁။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ငါသည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာမသိသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟုငါ ဝန်မခံခဲ့။
ရဟန်းတို့ ငါသည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာသိပြီးသောအခါ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်ခံခဲ့ပြီ။ ငါ့အား ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပေါ်ပြီ၊ ငါ၏ (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန် ဘဝသစ်၌ တစ်ဖန် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။
ပဌမသုတ်။