သံယုတ္တနိကာယ်—၄၈

၄—သုခိန္ဒြိယဝဂ်

၃—အရဟန္တသုတ်

၅ဝ၃။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်သောကြောင့် ဤရဟန်းကို အာသဝကုန်ပြီးသူ၊ မဂ်အကျင့်ကို ကျင့်ပြီးသူ၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ၊ ခန္ဓာဝန်ကို ချပြီးသူ၊ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ၊ ဘဝသံယောဇဉ် ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူရဟန္တာဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။