သံယုတ္တနိကာယ်—၄၈
၄—သုခိန္ဒြိယဝဂ်
၄—ပဌမ သမဏဗြာဟ္မဏသုတ်
၅ဝ၄။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသူသမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်းဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။
ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသူသမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်းဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍နေရကုန် ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။