သံယုတ္တနိကာယ်—၅၁

၁—စာပါလဝဂ်

၁—အပါရသုတ်

၈၁၃။ ရဟန်းတို့ ဣဒ္ဓိပါဒ်၁လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိသော် သံသရာဟူသော ဤဘက်ကမ်းမှ (နိဗ္ဗာန်ဟူသော) ထိုဘက်ကမ်းသို့ သွားရောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။

ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိသော် (သံသရာ ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်ဟူသော) ထိုဘက်ကမ်းသို့ သွားရောက်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁။ ဣဒ္ဓိ— ပြီးစီးပြည့်စုံခြင်း၊ ပါဒ— အခြေခံအကြောင်း— ဣဒ္ဓိပါဒ— ပြီးစီးပြည့်စုံခြင်း၏ အခြေခံအကြောင်းများ ဟူလို။