သံယုတ္တနိကာယ်—၅၄

၁—ဧကဓမ္မဝဂ်

၅—ဒုတိယ ဖလသုတ်

၉၈၁။ ရဟန်းတို့ အာနာပါနဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။ ရဟန်းတို့ အာနာပါနဿတိကို အဘယ်သို့လျှင် ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ပ။ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။

ရဟန်းတို့ အာနာပါနဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။

ရဟန်းတို့ အာနာပါနဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ခုနစ်ပါးသောအကျိုးအာနိသင်ဟူသည် အဘယ်တို့နည်း—

(၁) မျက်မှောက်ဘဝ၌ပင် မသေမီ စောစောက အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။

(၂) မျက်မှောက်ဘဝ၌ပင် မသေမီ စောစောက အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။

(၃) မျက်မှောက်ဘဝ၌ပင် မသေမီ စောစောက အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့်အသက်တမ်း၏ အလယ် ၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် ဖြစ်နိုင်၏။

(၄) အသက်တမ်း၏ ထက်ဝက်ကို လွန်လျက် အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသောဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။

(၅) ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။

(၆) ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ် နိုင်၏။

(၇) အထက်အထက်ဘုံသို့ အဆင့်ဆင့် တက်၍ (အကနိဋ္ဌဘုံသို့ ရောက်လျက် အရဟတ္တဖိုလ်သို့ရောက်သော) ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်သောအနာဂါမ် ဖြစ်နိုင်၏။

ရဟန်းတို့ အာနာပါနဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ဤခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။