သံယုတ္တနိကာယ်—၅၄

၁—ဧကဓမ္မဝဂ်

၆—အရိဋ္ဌသုတ်

၉၈၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည်။ပ။ “ရဟန်းတို့ သင်တို့သည် အာနာပါနဿတိ ကိုပွါးများကြကုန်၏လော”ဟု ဤစကားကို မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် အသျှင်အရိဋ္ဌသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အကျွန်ုပ်သည် အာနာပါနဿတိကို့ပွါးများပါ၏”ဟု ဤစကားကို လျှောက်၏။ အရိဋ္ဌ သင်သည် အာနာပါနဿတိကို အဘယ်သို့ ပွါးများသနည်း။ အသျှင်ဘုရား အကျွန်ုပ်သည် လွန်ပြီး ‘အတိတ်’ ကာမဂုဏ်တို့၌ ကာမကို လိုချင်မှု ‘ကာမစ္ဆန္ဒ’ကိုပယ်ပါ၏၊ အကျွန်ုပ်အား အနာဂတ်ကာမဂုဏ်တို့၌ ကာမကို လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည် ကင်းပါ၏၊ အကျွန်ုပ် သည် အတွင်းအပအာယတနတရားတို့၌ ထိပါးမှု ‘ပဋိဃ’နှင့် ယှဉ်သော မှတ်သားမှု ‘သညာ’ကိုကောင်းစွာ ပယ်ဖျောက်ပါ၏၊ ထိုအကျွန်ုပ်သည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်ပါ၏၊ သတိရှိလျက်သာ လျှင် ဝင်သက်လေကို ရှူပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အာနာပါနဿတိကိုဤသို့ပင် ပွါးများပါ၏ဟု (လျှောက်၏)။

အရိဋ္ဌ အာနာပါနဿတိသည် ရှိ၏၊ ဤအာနာပါနဿတိသည် မရှိသည် မဟုတ်ဟု (ငါ) ဆို၏။ အရိဋ္ဌစင်စစ်အားဖြင့် အာနာပါနဿတိကို အကျယ်အားဖြင့် အပြည့်အစုံ ကြားနာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူလတ်သော် “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အရိဋ္ဌသည်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏—

အရိဋ္ဌ အဘယ်သို့လျှင် အာနာပါနဿတိသည် အကျယ်အားဖြင့် အပြည့်အစုံ ဖြစ်သနည်း။ အရိဋ္ဌဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကိုထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည် ထွက်သက်လေကို ထုတ်လျှင်လည်း”ရှည်ရှည် ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည် ဝင်သက်လေကို ရှူလျှင်လည်း “ရှည်ရှည် ဝင်သက်လေကို ရှူ၏”ဟု သိ၏။ပ။ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟုအားထုတ်၍ ကျင့်၏၊ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ကျင့်၏။ အရိဋ္ဌ ဤသို့လျှင် အာနာပါနဿတိသည် အကျယ်အားဖြင့် အပြည့်အစုံ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။