သံယုတ္တနိကာယ်—၅၆
၃—ကောဋိဂါမဝဂ်
၆—မိတ္တသုတ်
၁ဝ၉၆။ ရဟန်းတို့ အစဉ်သနား (စောင့်ရှောက်) ထိုက်သူ ဟူသမျှတို့ကိုလည်းကောင်း၊ မိမိစကားကိုလိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်း ဟူသမျှတို့ကိုလည်းကောင်း အရိယသစ္စာ တရားလေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းအကျိုးငှါ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊
ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။
ရဟန်းတို့ အစဉ်သနား (စောင့်ရှောက်) ထိုက်သူ ဟူသမျှတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်း ဟူသမျှတို့ကိုလည်းကောင်း ဤအရိယ သစ္စာ တရားလေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းအကျိုးငှါ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ် ကုန်၏၊ တည်စေအပ်ကုန်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။