သံယုတ္တနိကာယ်—၅၆

၃—ကောဋိဂါမဝဂ်

၈—လောကသုတ်

၁ဝ၉၈။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း —

(၁) ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊

(၂) ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရား၊

(၃) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရား၊

(၄) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားသည် အရိယမည်၏၊ ထို့ကြောင့် “အရိယသစ္စာတို့”ဟုခေါ်ဆိုအပ် ကုန်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။