သံယုတ္တနိကာယ်—၅၆
၃—ကောဋိဂါမဝဂ်
၉—ပရိညေယျသုတ်
၁ဝ၉၉။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း —
(၁) ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊
(၂) ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရား၊
(၃) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရား၊
(၄) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့ပင်တည်း။
ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရား လေးပါးတို့တွင် ပိုင်းခြားသိအပ်သောအရိယသစ္စာသည် ရှိ၏၊ ပယ်အပ်သောအရိယသစ္စာသည် ရှိ၏၊ မျက်မှောက်ပြုအပ်သောအရိယသစ္စာသည် ရှိ၏၊ ပွားများအပ်သောအရိယသစ္စာသည် ရှိ၏။
ရဟန်းတို့ အဘယ်အရိယသစ္စာကို ပိုင်းခြားသိအပ်သနည်း၊ ရဟန်းတို့ ဆင်းရဲဖြစ်သော အရိယသစ္စာကို ပိုင်းခြားသိအပ်၏၊ ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သော အရိယသစ္စာကို ပယ်အပ်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယသစ္စာကို မျက်မှောက်ပြုအပ်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပွားများအပ်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။