သံယုတ္တနိကာယ်—၅၆
၄—သီသပါဝနဝဂ်
၄—စေလသုတ်
၁၁ဝ၄။ ရဟန်းတို့ အဝတ်ပုဆိုး၌သော်လည်းကောင်း၊ ဦးခေါင်း၌သော်လည်းကောင်း မီးလောင်သည်ရှိသော် အဘယ်သို့ ပြုလုပ်ရာသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား အဝတ်ပုဆိုး၌သော်လည်းကောင်း၊ ဦးခေါင်း၌သော်လည်းကောင်း မီးလောင်သည်ရှိသော် ထိုအဝတ်ပုဆိုးကိုသော်လည်းကောင်း၊ ဦးခေါင်းကိုသော်လည်းကောင်း ငြိမ်းအေးစေခြင်းငှါ လွန်ကဲသောအလို ‘ဆန္ဒ’ လုံ့လ အားထုတ်မှု အပြင်းအထန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ဆင်ခြင်ဉာဏ်ကို ပြုလုပ်ရပါ၏ဟု (လျှောက်ကုန်၏)။
ရဟန်းတို့ မီးလောင်သောအဝတ်ပုဆိုးကိုသော်လည်းကောင်း၊ ဦးခေါင်းကိုသော်လည်းကောင်း လျစ်လျူရှု၍ နှလုံးမသွင်းမူ၍ ထိုးထွင်းမသိရသေးသောအရိယာတို့၏ အမှန်တရားလေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းအကျိုးငှါ အလို ‘ဆန္ဒ’ လုံ့လ အားထုတ်မှု အပြင်းအထန်အားထုတ်မှု မဆုတ်နစ်မှုအောက်မေ့မှု ဆင်ခြင်ဉာဏ်ကို ပြုလုပ်ရမည်။ အဘယ်လေးပါးတို့နည်း—
ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။