သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၄—ကူဋာဂါရသုတ်

၁၁၁၄။ ရဟန်းတို့ “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာမသိမူ၍။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်း မှန်စွာ မသိမူ၍ ကောင်းစွာ ဆင်းရဲ၏ အဆုံးကို ပြုအံ့”ဟု ပြောဆိုနိုင်ရာသောအကြောင်းမရှိ။

ရဟန်းတို့ ဥပမာသော်ကား “ငါသည် ပြာသာဒ်ဆောင်တပ်သောအိမ်၏ အောက်ပိုင်းကို မဆောက်လုပ်သေးမူ၍ အထက်ပိုင်းကို တင်အံ့”ဟု ပြောဆိုနိုင်ရာသောအကြောင်းသည် မရှိ။ ရဟန်းတို့ ဤအတူပင် “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ မသိမူ၍။ပ။

ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ မသိမူ၍ ကောင်းစွာ ဆင်းရဲ၏ အဆုံးကို ပြုအံ့”ဟု ပြောဆိုနိုင်ရာသောအကြောင်း မရှိ။

ရဟန်းတို့ “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို သိ၍။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို သိ၍ ကောင်းစွာ ဆင်းရဲ၏့အဆုံးကို ပြုအံ့”ဟု ပြောဆိုနိုင်ရာသောအကြောင်းသည် ရှိ၏။

ရဟန်းတို့ ဥပမာသော်ကား “ငါသည် ပြာသာဒ်ဆောင်တပ်သောအိမ်၏ အောက်ပိုင်းကို ဆောက်လုပ်ပြီး၍ အထက်ပိုင်းကို တင်အံ့”ဟု ပြောဆိုနိုင်ရာသောအကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤအတူပင်”ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို သိ၍။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို သိ၍ ကောင်းစွာ ဆင်းရဲ၏ အဆုံးကို ပြုအံ့”ဟုပြောဆိုနိုင်ရာသောအကြောင်းသည် ရှိ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။