သံယုတ္တနိကာယ်—၅၆
၅—ပပါတဝဂ်
၅—ဝါလသုတ်
၁၁၁၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက် သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန် သင်္ကန်းကို ပြင် ဝတ်၍သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်၏၊ အသျှင်အာနန္ဒာသည် မင်းကွန်း၌မြားပစ်အတတ်ကို ပြုလုပ် (လေ့ကျင့်) ကုန်သော ဝေးသောအရပ်မှပင် မြားကို သေးငယ်သောသံကောက်ပေါက်ဖြင့် အဆင့်ဆင့် မလွဲမချော် ဝင်၍ ကျစေနိုင်ကုန်သော များစွာသော လိစ္ဆဝီမင်းသားငယ်တို့ကို တွေ့မြင်ရ၍ “ဤလိစ္ဆဝီမင်းသားငယ်တို့သည် (လေးအတတ်ကို) တတ်မြောက်ပေကုန်စွတကား၊ ဤလိစ္ဆဝီမင်းသားငယ်တို့သည် ကောင်းစွာ တတ်မြောက်ပေကုန်စွတကား၊ ဝေးသောအရပ်မှပင် မြားကိုသေးငယ်သော သံကောက်ပေါက်ဖြင့် အဆင့်ဆင့် မလွဲမချော် ဝင်၍ ကျစေနိုင်ကြပါပေစွ”ဟု အကြံ ဖြစ်၏။
ထို့နောက် အသျှင်အာနန္ဒာသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံ ရွာမှဖဲခွါခဲ့ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား အကျွန်ုပ်သည် ဤနေ့နံနက်အချိန်သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မင်းကွန်း၌ မြားပစ်အတတ်ကို ပြုလုပ် (လေ့ကျင့်) ကုန်သော ဝေးသောအရပ်မှပင် မြားကို သေးငယ်သော သံကောက်ပေါက်ဖြင့် အဆင့်ဆင့် မလွဲမချော် ဝင်၍ကျစေနိုင်ကုန်သော များစွာသော လိစ္ဆဝီ မင်းသားငယ်တို့ကို တွေ့မြင်ရ၍ “ဤလိစ္ဆဝီမင်းသားငယ်တို့သည် (လေးအတတ်ကို) တတ်မြောက်ပေကုန် စွတကား၊ ဤလိစ္ဆဝီမင်းသားငယ်တို့သည်ကောင်းစွာ တတ်မြောက်ပေကုန်စွတကား၊ ဝေးသောအရပ်မှပင် မြားကို သေးငယ်သောသံကောက်ပေါက်ဖြင့် အဆင့်ဆင့် မလွဲမချော် ဝင်၍ ကျစေနိုင်ကြပါပေစွ”ဟု အကျွန်ုပ်အား အကြံဖြစ်ပါသည်ဟု (ဤစကားကို လျှောက်၏)။
အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူသည် ဝေးသောအရပ်မှပင် မြားကိုသေးငယ်သော သံကောက်ပေါက်ဖြင့် အဆင့်ဆင့် မလွဲမချော် ဝင်၍ ကျစေနိုင်ရာ၏၊ အကြင်သူသည်ကားခုနစ်စိတ် ခွဲစိတ်ထားသော သားမြီးဖျားအချင်းချင်း (အဖျားဖြင့် အဖျားကို) ထိုးဖောက်နိုင်ရာ၏၊ (ဤနှစ်မျိုးတွင်) အဘယ်က ပို၍ ခဲယဉ်းသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကြင်သူသည် ခုနစ်စိတ်ခွဲစိတ်ထားသော သားမြီးဖျားအချင်းချင်း (အဖျားဖြင့် အဖျားကို) ထိုးဖောက်နိုင်ရာ၏၊ ဤအရာကသာလျှင်ပို၍ ခဲယဉ်းပါ၏ဟု (လျှောက်၏)။ အာနန္ဒာ စင်စစ်အားဖြင့် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာသိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ့သိကြသူတို့သည် ပို၍ ထိုးထွင်းသိနိုင်ခဲသောအရာကို ထိုးထွင်းသိကုန်၏။
အာနန္ဒာ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။