သံယုတ္တနိကာယ်—၅၆

၆—အဘိသမယဝဂ်

၃—ပဌမ သံဘေဇ္ဇသုတ်

၁၁၂၃။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးတို့စီးဆင်းပေါင်းဆုံရာ အရပ်မှ ယောကျာ်း (တစ်ယောက်) သည် ရေနှစ်စက်တို့ကိုသော်လည်းကောင်း၊ ရေသုံးစက်တို့ကိုသော်လည်းကောင်း ထုတ်ဆောင်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့မှတ်ထင်ကုန်သနည်း၊ ထုတ်ဆောင်သော ရေနှစ်စက်သုံးစက်တို့နှင့် မြစ်ကြီးငါးသွယ် ပေါင်းဆုံရာရှိရေသည် အဘယ်အရာက ပို၍ များသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား မြစ်ကြီးငါးသွယ် ပေါင်းဆုံရာရှိ ရေကသာ ပို၍ များပါ၏၊ ထုတ်ဆောင်သော ရေနှစ်စက်သုံးစက်တို့ကား အနည်းငယ်မျှသာ ဖြစ်ပါကုန်၏၊ မြစ်ကြီးငါးသွယ် ပေါင်းဆုံရာရှိ ရေကို ထောက်ဆ၍ ထုတ်ဆောင်သော ရေနှစ်စက်သုံးစက်တို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ် အပိုင်းသို့လည်း မရောက်နိုင်ပါကုန်ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူပင်အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏။ပ။ အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။