သံယုတ္တနိကာယ်—၅၆
၆—အဘိသမယဝဂ်
၈—ဒုတိယ မဟာသမုဒ္ဒသုတ်
၁၁၂၈။ ရဟန်းတို့ မဟာသမုဒ္ဒရာရှိ ရေသည် ရေနှစ်စက်သုံးစက်တို့ကိုသာ ကြွင်းကျန်စေ၍ ကုန်ခန်းခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မဟာသမုဒ္ဒရာရှိကုန်ခန်းပြီးသော ရေနှင့် ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် အဘယ်အရာက ပို၍ များသနည်းဟု မိန့်တော်မူ၏။
အသျှင်ဘုရား ကုန်ခန်းပြီးသော မဟာသမုဒ္ဒရာရှိ ရေကသာ ပို၍ များပါ၏၊ ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် အနည်းငယ်မျှသာတည်း၊ ကုန်ခန်းပြီးသော မဟာသမုဒ္ဒရာရှိ ရေကို ထောက်ဆ၍ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါကုန်ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူပင် အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏။ပ။ အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။