သံယုတ္တနိကာယ်—၅၆

၁—သမာဓိဝဂ်

၆—ဒုတိယ သမဏ ဗြာဟ္မဏသုတ်

၁ဝ၇၆။ ရဟန်းတို့ အတိတ်အခါ၌ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိခြင်းကို ပြကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် အရိယသစ္စာ လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိခြင်းကိုပြကုန်ပြီ။ ရဟန်းတို့ အနာဂတ်အခါ၌ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိခြင်းကို ပြကုန်ကြမည့် သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် အရိယသစ္စာ လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိခြင်းကိုပြကုန်လတ္တံ့။ ရဟန်းတို့ ယခုပစ္စုပ္ပန်အခါ၌ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းကို ပြကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် အရိယသစ္စာ လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိခြင်းကိုပြကုန်၏။ အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။

ရဟန်းတို့ အတိတ်အခါ၌ သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည်ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍သိခြင်းကို ပြကုန်ပြီ။ပ။ ပြကုန်လတ္တံ့။ပ။ ပြကုန်၏၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဤအရိယသစ္စာ လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိခြင်းကို ပြကုန်၏။

ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။