သံယုတ္တနိကာယ်—၅၆

၇—ပဌမ အာမကဓညပေယျာလဝဂ်

၂—ပစ္စန္တသုတ်

၁၁၃၂။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍”ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါ တင်ထားသော မြေမှုန့်အနည်းငယ်နှင့် ဤ (ကမ္ဘာ) မြေကြီးသည် အဘယ်အရာက ပို၍ များသနည်း”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤ (ကမ္ဘာ) မြေကြီးကသာ ပို၍ များကုန်၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရားတင်ထားတော်မူသော မြေမှုန့်ကား အနည်းငယ်မျှသာတည်း၊ (ကမ္ဘာ) မြေကြီးကို ထောက်ဆ၍ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်အနည်းငယ်သည် မရေတွက်လောက်၊ မနှိုင်းယှဉ် လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤအတူပင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်ကြသော သတ္တဝါတို့သည် အနည်းငယ်မျှသာ တည်း၊ စင်စစ်အားဖြင့် တိုင်းစွန် (ပစ္စ န္တရိက်) ဇနပုဒ်တို့ဝယ် မသိတတ်သော လူရိုင်းမျိုးတို့၌ ဖြစ်ကြသောသတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။

ဒုတိယသုတ်။