သံယုတ္တနိကာယ်—၅၆
၇—ပဌမ အာမကဓညပေယျာလဝဂ်
၁—အညတြသုတ်
၁၁၃၁။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍”ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါ တင်ထားသောမြေမှုန့်အနည်းငယ်နှင့် ဤ (ကမ္ဘာ) မြေကြီးသည် အဘယ်အရာက ပို၍ များသနည်း”ဟု ရဟန်းတို့ကိုမိန့်တော်မူ၏။
အသျှင်ဘုရား ဤ (ကမ္ဘာ) မြေကြီးကသာ ပို၍ များပါ၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရားတင်ထားတော်မူသော မြေမှုန့်ကား အနည်းငယ်မျှသာတည်း၊ (ကမ္ဘာ) မြေကြီးကို ထောက်ဆ၍လက်သည်း ဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်အနည်းငယ်သည် မရေတွက်လောက်၊ မနှိုင်းယှဉ် လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ ဤအတူပင် လူ့ဘုံ၌ ဖြစ်ကြသော သတ္တဝါတို့သည် အနည်းငယ်မျှသာတည်း၊ စင်စစ်အားဖြင့် လူ့ဘုံမှ တစ်ပါးသော ဘုံ၌ ဖြစ်ကြသော သတ္တဝါတို့သာ ပို၍ များကုန်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့ကိုမမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်း၊ ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။
ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။