သံယုတ္တနိကာယ်—၅၆
၆—အဘိသမယဝဂ်
၁ဝ—ဒုတိယ ပဗ္ဗတူပမသုတ်
၁၁၃ဝ။ ရဟန်းတို့ ဥပမာသော်ကား ဟိမဝန္တာတောင်မင်းသည် မုန်ညင်းစေ့မျှရှိသော ကျောက်စရစ်ခုနစ်လုံးတို့ကိုသာ ကြွင်းကျန်စေ၍ ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့မှတ်ထင်ကုန်သနည်း၊ ကုန်ဆုံးပြီးသော ဟိမဝန္တာတောင်မင်းနှင့် ကြွင်းကျန်သော မုန်ညင်းစေ့မျှရှိသောကျောက်စရစ်ခုနစ်လုံးတို့သည် အဘယ်အရာက ပို၍ များသနည်းဟု မိန့်တော်မူ၏။
အသျှင်ဘုရား ဤကုန်ဆုံးပြီးသော ဟိမဝန္တာတောင်မင်းကသာ ပို၍ များပါ၏၊ ကြွင်းကျန်သောမုန်ညင်းစေ့မျှရှိသော ကျောက်စရစ်ခုနစ်လုံးတို့သည် အနည်းငယ်မျှသာတည်း၊ ကုန်ဆုံးပြီးသော ဟိမဝန္တာတောင်မင်းကို ထောက်ဆ၍ ကြွင်းကျန်သော မုန်ညင်းစေ့မျှရှိသော ကျောက်စရစ်ခုနစ်လုံးတို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါကုန်ဟု လျှောက်ကုန်၏။
ရဟန်းတို့ ဤအတူပင် မဂ်ဉာဏ်နှင့် ပြည့်စုံသော သစ္စာကို ထိုးထွင်း၍ သိသောအရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ကုန်ဆုံးပြီးသော ဆင်းရဲကသာ ပို၍ များ၏၊ အကြွင်းအကျန် ဆင်းရဲသည် အနည်းငယ်မျှသာတည်း၊ ကုန်ဆုံးပြီးသော ရှေးဆင်းရဲအစုကို ထောက်ဆ၍ အလွန်ဆုံး ခုနစ်ကြိမ်မျှ လာရသူ (သတ္တက္ခတ္တုပရမ) ၏အဖြစ် ဟူသော ဆင်းရဲသည် မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်၊ ယင်းပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ခြောက်ခုမြောက် အဘိသမယဝဂ် ပြီး၏။