သံယုတ္တနိကာယ်—၇
၂—ဥပါသကဝဂ်
၈—ကဋ္ဌဟာရသုတ်
၂ဝ၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း တောအုပ်တစ်ခု၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်၏ များစွာကုန်သော တပည့်ဖြစ်ကုန်သော ထင်းခွေလုလင်တို့သည် တောအုပ်ရှိရာသို့ ချဉ်းကပ်ကြကုန်သည် ရှိသော် ထိုတောအုပ်၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်ကြကုန်လျှင် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားထံသို့ ချဉ်းကပ်၍ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားအား “အရှင်ပုဏ္ဏား သိတော်မူပါလော့၊ ဤမည်သော တောအုပ်၌ ရဟန်းသည် ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေပါ၏”ဟု ပြောဆိုကြ ကုန်၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ထိုလုလင်တို့နှင့် အတူ တောအုပ်သို့ ချဉ်းကပ် လေ၏၊ ထိုတောအုပ်၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်ကြကုန်လျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏—
“ရဟန်း သင် သည် နက် ရှိုင်း သော သဘောရှိ၍ ကြောက် ဖွယ် ဘေး ဘျ မ်း များ ပြား သော တောအုပ်ကြီးအတွင်းဝယ် ဆိတ်ငြိမ်၍ လူသူကင်းသော တောသို့ ဝင်ကာ မတုန်မလှုပ် တည်တံ့ပြေပြစ်သော ကိုယ်ဖြင့် ဈာန်ဝင်စား၏၊ (သင်ကား) အလွန် ကောင်းသော သဘောရှိစွတကား။
အကြင်တော၌ သီဆိုခြင်းလည်း မရှိ၊ တီးမှုတ်ခြင်းလည်း မရှိ၊ ရဟန်းသည် ထို တောအုပ်ကြီးအတွင်းဝယ် တစ်ယောက်တည်း တောကို မှီ၍ နေ၏၊ တစ်ပါးတည်း နှစ်သက်သော စိတ်ရှိသည် ဖြစ်၍ တော၌ နေတော်မူခြင်းဟူသော ဤအံ့သြဖွယ် သဘောသည် အကျွန်ုပ်ဉာဏ်အား ရှေးရှု ထင်ပါ၏။
‘အသျှင်သည် အတုမရှိသော ဗြဟ္မာ့ပြည်၌ လောက၏ အကြီးအမှူး ဗြဟ္မာ၏ အသင်းဝင်အဖြစ်ကို လိုလားတောင့်တသည်’ဟု အကျွန်ုပ် မှတ်ထင်ပါ၏၊ အဘယ့် ကြောင့် အသျှင်သည် လူသူကင်းသော တောကို မှီတော်မူပါသနည်း၊ ဗြဟ္မာ့ပြည်သို့ ရောက်ခြင်းငှါ ဤတော၌ အကျင့်ကို ကျင့်တော်မူသလော”ဟု လျှောက်၏။
“ပုဏ္ဏား တပ်မက်မှု, အလွန်နှစ်သက်မှု, အထူးထူး အပြားပြားသော အာရုံတို့၌ အခါခပ်သိမ်း မှီနေသော များစွာသော ကိလေသာ, မသိခြင်းလျှင် အရင်းအမွန်ရှိ သော တဏှာဟူသော ဤတရားအားလုံးကို အမြစ်နှင့် တစ်ကွ ငါ ဖျက်ဆီးအပ်ပြီ။
ထိုငါဘုရားသည် အလိုမရှိဘဲ မမှီဘဲ အစဉ်မလိုက်ဘဲ အလုံးစုံသော တရားတို့၌ စင်ကြယ်သော အမြင်ရှိသည် ဖြစ်၍ အတု မရှိသော ချမ်းအေးသော အရဟတ္တမဂ် ဉာဏ်သို့ ရောက်ပြီး ဖြစ်ရကား ဆိတ်ငြိမ်သော တောကြီး၌ ရဲရဲရင့်ရင့် ဈာန်ဖြင့် နေ၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည် ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင် ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။