သံယုတ္တနိကာယ်—၈
၉—ကောဏ္ဍညသုတ်
၂၁၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှည့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အညာသိကောဏ္ဍညသည် အလွန် ကြာမြင့်မှသာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်စုံတို့၌ ဦးခေါင်းဖြင့် ပျပ်ဝပ် လျက် မြတ်စွာဘုရား၏ ခြေတော်စုံတို့ကို ခံတွင်းဖြင့် စုပ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ်၏၊ “အသျှင် ဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း”ဟု အ မည်ကိုလည်း လျှောက်ကြား၏။
ထိုအခါ၌ အသျှင်ဝင်္ဂီသအား ဤသို့သော အကြံသည် ဖြစ်၏— “ဤအသျှင် အညာသိကောဏ္ဍညသည် အလွန်ကြာမြင့်မှသာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်စုံတို့၌ ဦးခေါင်းဖြင့် ပျပ်ဝပ်လျက် မြတ်စွာဘုရား၏ ခြေတော်စုံတို့ကို ခံတွင်းဖြင့် စုပ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ်၏၊ “အသျှင်ဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း”ဟု အမည်ကိုလည်း ကြား၏၊ ငါသည် အသျှင်အညာသိ ကောဏ္ဍညကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်း လေစွ”ဟု အကြံ ဖြစ်၏။
ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်အညာသိကောဏ္ဍညကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏။—
“ကောဏ္ဍညအမည်ရှိသော ထိုမထေရ်သည် မြတ်စွာဘုရားကို အတုလိုက်၍ သစ္စာလေးပါးတရားကို သိတော်မူ၏၊ ထက်သန်သော လုံလနှင့်လည်း ပြည့်စုံ၏၊ (ဈာန်သမာပတ်ကို) ရတော်မူ၏၊ ချမ်းသာစွာ နေလေ့ရှိကုန်သော သူတို့တွင် အမြဲ မပြတ် ချမ်းသာစွာ နေလေ့ရှိ၏၊ ဆိတ်ငြိမ်စွာ နေလေ့ရှိကုန်သော သူတို့တွင် အမြဲ မပြတ် ဆိတ်ငြိမ်စွာ နေလေ့ရှိ၏။
မြတ်စွာဘုရား ဆုံးမတော်မူတိုင်း ပြုကျင့်လေ့ရှိသော တပည့်သည် ရောက်အပ် သော အကြင်လောကုတ္တရာတရားသည် ရှိ၏၊ မမေ့မလျော့ ကျင့်ပြီးသော အသျှင် ကောဏ္ဍညသည် အလုံးစုံသော ထိုလောကုတ္တရာတရားသို့ အစဉ်ရောက်တော်မူ၏။
မြတ်စွာဘုရား၏ အမွေခံဖြစ်တော်မူသော၊ ကြီးသော အာနုဘော်ရှိသော၊ ဝိဇ္ဇာ သုံးပါးနှင့် ပြည့်စုံသော၊့စေတောပရိယအဘိညာဉ်၌ လိမ္မာသော ကောဏ္ဍညသည် မြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုး၏”ဟု (ချီးကျူး၏)။