သံယုတ္တနိကာယ်—၉
၈—ကုလဃရဏီသုတ်
၂၂၈။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထို ရဟန်းသည် အမျိုးတစ်ဦး၌ အလွန်ခင်မင် သက်ဝင်ခြင်းသို့ ရောက်သည် ဖြစ်၍ အချိန်ကြာမြင့်စွာ နေ၏၊ ထိုအခါ ထိုတောအုပ်၌ အုပ်စိုး၍ နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားခြင်းရှိသည်ဖြစ်၍ အကျိုး စီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုအမျိုး၌ ရှိသော အိမ်ရှင်မ၏ အသွင်ကို ဖန်ဆင်း၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“ရဟန်း မြစ်ကမ်းနားတို့၌လည်းကောင်း၊ အပန်းဖြေနားနေရာ အရပ်၌လည်းကောင်း၊ ပွဲသဘင်တို့၌လည်းကောင်း၊ လမ်းမတို့၌လည်းကောင်း လူအပေါင်းတို့ သည် စုရုံးကြကုန်၍ အကျွန်ုပ်၏ အကြောင်းကိုလည်းကောင်း၊ သင်၏ အကြောင်း ကိုလည်းကောင်း တိုးတိုး ပြောဆိုတိုင်ပင်ကြကုန်၏။ အဘယ်ကဲ့သို့သော အကြောင်း မျိုး ဖြစ်ပါလိမ့်မည်နည်း”ဟု ဆို၏။
“အိမ်ရှင်မ လောက၌ ဆန့်ကျင်ဘက် ပြောဆိုသော အသံတို့သည် များပြားကုန် သည်သာတည်း၊ ခြိုးခြံစွာ ကျင့်လေ့ရှိသူသည် သည်းခံအပ်၏၊ ထိုအကြောင်းကြောင့် မျက်နှာမသာ မဖြစ်ရာ၊ ထိုသို့ ပြောခြင်းကြောင့် မညစ်နွမ်းလတ္တံ့။
အိမ်ရှင်မ အကြင်သူသည် ‘တော၌ ဝါတမိဂ မည်သော သားကောင်းကဲ့သို့’ စကားသံဖြင့် ထိတ်လန့်၏၊ ထိုသူကို ပေါ့သောစိတ်ရှိသော ပုဂ္ဂိုလ်ဟူ၍ (ပညာရှိတို့) ဆိုကုန်၏၊ ထိုပုဂ္ဂိုလ်အား အကျင့် မပြည့်စုံရာ”ဟု (မိန့်ဆို၏)။