သံယုတ္တနိကာယ်—၉
၉—ဝဇ္ဇိပုတ္တသုတ်
၂၂၉။ အခါတစ်ပါး၌ ဝဇ္ဇိတိုင်းသား ရဟန်းတစ်ပါးသည် ဝေသာလီပြည် တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ဝေသာလီပြည် ဝဇ္ဇိတိုင်းသားအပေါင်းသည် (နက္ခတ်ပွဲသဘင်အလို့ငှါ) တစ်ညဉ့်လုံး တီးမှုတ် လှည့် လည်၏၊ ထိုအခါ ထိုရဟန်းသည် ဝေသာလီမြို့၌ တူရိယာတီးမှုတ်သံ ကြွေးကြော်သံကို ကြား၍ ငိုကြွေး လျက် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—
“ငါတို့သည် ‘တောအုပ်၌ အသုံးမဝင်သော သစ်သားဆွေးသကဲ့သို့’ တစ်ယောက် တည်း တော၌ နေရကုန်၏၊ ဤသို့သော ညဉ့်၌ ငါတို့အောက် အထူးသဖြင့် ယုတ် ညံ့သော အဘယ်မည်သောသူ ရှိပါအံ့နည်း”ဟု ရွတ်ဆို၏။
ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“ရဟန်း သင်သည် ‘တောအုပ်၌ အသုံးမဝင်သော သစ်သားဆွေးကဲ့သို့’ တစ် ယောက်တည်းသာလျှင် တော၌ နေ၏။ သို့ပင်ဖြစ်သော်လည်း ငရဲသူ သတ္တဝါတို့သည် နတ်ရွာသုဂတိသို့ ရောက်ရှိသူတို့ကို တောင့်တကုန်သကဲ့သို့ ထို့အတူ များစွာကုန် သော သူတို့သည် သင့်အား တောင့်တကုန်၏”ဟု လျှောက်၏။
ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။