အင်္ဂုတ္တရနိကာယ်

(၈) ၃-အာကင်္ခဝဂ်

၆-တယောဓမ္မသုတ်

၇၆။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် လောက၌ ထင်ရှားမရှိကုန်ငြားအံ့၊ (ပူဇော်အထူးကို) ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မမူရာ၊ မြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းသည် လောက၌ မထွန်းပရာ၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သာ လောက၌ ထင်ရှားမရှိကြပါမူ (ပူဇော်အထူးကို) ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော် မမူရာ၊ မြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းသည် လောက၌ မထွန်းပရာ။

ရဟန်းတို့ ဤတရားသုံးမျိုးတို့ လောက၌ ထင်ရှားရှိသောကြောင့်သာ (ပူဇော်အထူးကို) ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ မြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းသည် လောက၌ ထွန်းတောက်ပ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ပဋိသန္ဓေနေခြင်းကို ပယ်ရန် အိုခြင်းကို ပယ်ရန် သေခြင်းကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရာဂ၊ ဒေါသ၊ မောဟတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ပဋိသန္ဓေနေခြင်းကို ပယ်ရန် အိုခြင်းကို ပယ်ရန် သေခြင်းကို ပယ်ရန် မထိုက်။ (၁)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။ (၂)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ သက္ကာယဒိဋ္ဌိကို ပယ်ရန် ဝိစိကိစ္ဆာကို ပယ်ရန် သီလဗ္ဗတပရာမာသကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မသင့်မတင့် နှလုံးသွင်းမှု၊ လမ်းမှားမှီဝဲမှု၊ စိတ်၏ ဆုတ်နစ်မှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ သက္ကာယ ဒိဋ္ဌိကို ပယ်ရန် ဝိစိကိစ္ဆာကို ပယ်ရန် သီလဗ္ဗတပရာမာသကို ပယ်ရန် မထိုက်။ (၃)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ မသင့်မတင့် နှလုံးသွင်းမှု ကို ပယ်ရန် လမ်းမှား မှီဝဲမှုကို ပယ်ရန် စိတ်ဆုတ်နစ်မှုကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သတိမေ့ပျောက်မှု၊ ဆင်ခြင်ဉာဏ် ကင်းမှု၊ စိတ်ပျံ့လွင့်မှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန် လမ်းမှားမှီဝဲမှုကို ပယ်ရန် စိတ်ဆုတ်နစ်မှုကို ပယ်ရန် မထိုက်။ (၄)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ သတိမေ့လျော့မှုကို ပယ်ရန် ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန် စိတ်ပျံ့လွင့်မှုကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ—အရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတရားကို ကြားနာရန် အလိုမရှိမှု၊ ခြုတ်ခြယ်လိုသော စိတ်ရှိမှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ သတိမေ့ပျောက်မှုကို ပယ်ရန် ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန် စိတ်ပျံ့လွင့်မှုကို ပယ်ရန် မထိုက်။ (၅)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကိုမပယ်ဘဲ အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန် အရိယာတရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန် ခြုတ်ခြယ်လိုသော စိတ်ရှိမှုကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ—ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှုတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့ကို မပယ်ဘဲ အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန် အရိယာတရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန် ခြုတ်ခြယ်လိုသော စိတ်ရှိမှုကို ပယ်ရန် မထိုက်။ (၆)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ပျံ့လွင့်မှုကို ပယ်ရန် မစောင့်စည်းမှုကို ပယ်ရန် သီလမရှိမှုကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ — မယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ပျံ့လွင့်မှုကို ပယ်ရန် မစောင့်စည်းမှုကို ပယ်ရန် သီလမရှိမှုကို ပယ်ရန် မထိုက်။ (၇)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ မယုံကြည်မှုကို ပယ်ရန် ပြောဆိုသည်ကို မသိမှုကို ပယ်ရန် ပျင်းရိမှုကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ — မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေ ယုတ်ရှိမှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ မယုံကြည်မှုကို ပယ်ရန် ပြောဆိုသည်ကို မသိမှုကို ပယ်ရန် ပျင်းရိမှုကို ပယ်ရန် မထိုက်။ (၈)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ မရိုသေမှုကို ပယ်ရန် ဆိုဆုံးမခက်မှုကို ပယ်ရန် မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ — အရှက်မရှိမှု၊ အကြောက်မရှိမှု၊ မေ့လျော့မှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ မရိုသေမှုကို ပယ်ရန် ဆိုဆုံးမ ခက်မှုကို ပယ်ရန် မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် မထိုက်။ (၉)

ရဟန်းတို့ အရှက်မရှိ အကြောက်မရှိသော ဤသူသည် မေ့လျော့သူ ဖြစ်၏၊ ထိုသူသည် မေ့လျော့သူ ဖြစ်ရကား မရိုသေမှုကို ပယ်ရန် ဆိုဆုံးမခက်မှုကို ပယ်ရန် မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် မထိုက်။ ထိုသူသည် မိတ်ဆွေယုတ်ရှိသူဖြစ်ရကား မယုံကြည်မှုကို ပယ်ရန် ပြောဆိုသည်ကို မသိမှုကို ပယ်ရန် ပျင်းရိခြင်းကို ပယ်ရန် မထိုက်။ ထိုသူသည် ပျင်းရိသူဖြစ်ရကား ပျံ့လွင့်မှုကို ပယ်ရန် မစောင့်စည်းမှုကို ပယ်ရန် သီလမရှိမှုကို ပယ်ရန် မထိုက်။ ထိုသူသည် သီလမရှိသူဖြစ်ရကား အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန် အရိယာတရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန် ခြုတ်ခြယ်လိုသော စိတ်ရှိမှုကို ပယ်ရန် မထိုက်။ ထိုသူသည် ခြုတ်ခြယ်လိုသော စိတ်ရှိသူဖြစ်ရကား သတိမေ့လျော့မှုကို ပယ်ရန် ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန် စိတ်ပျံ့လွင့်မှုကို ပယ်ရန် မထိုက်။ ထိုသူသည် စိတ်ပျံ့လွင့်သူဖြစ်ရကား မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန် လမ်းမှားမှီဝဲမှုကို ပယ်ရန် စိတ်ဆုတ်နစ်မှုကို ပယ်ရန် မထိုက်။ ထိုသူသည် စိတ်ဆုတ်နစ်သူဖြစ်ရကား သက္ကာယဒိဋ္ဌိကို ပယ်ရန် ဝိစိကိစ္ဆာကို ပယ်ရန် သီလဗ္ဗတပရာမာသ ကို ပယ်ရန် မထိုက်။ ထိုသူသည် ယုံမှားရှိသူဖြစ်ရကား ရာဂကိုပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။ ထိုသူသည် ရာဂကို မပယ်ဘဲ ဒေါသကို မပယ်ဘဲ မောဟကို မပယ်ဘဲ ပဋိသန္ဓေ နေခြင်းကို ပယ်ရန် အိုခြင်းကို ပယ်ရန် သေခြင်းကို ပယ်ရန် မထိုက်။ (၁ဝ)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် ပဋိသန္ဓေနေခြင်းကို ပယ်ရန် အိုခြင်းကို ပယ်ရန် သေခြင်းကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—ရာဂ၊ ဒေါသ၊ မောဟတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် ပဋိသန္ဓေနေခြင်းကို ပယ်ရန် အိုခြင်းကို ပယ်ရန် သေခြင်းကို ပယ်ရန် ထိုက်၏။ (၁)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ထိုက်၏။ (၂)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် သက္ကာယဒိဋ္ဌိကို ပယ်ရန် ဝိစိကိစ္ဆာကို ပယ်ရန် သီလဗ္ဗတပရာမာသကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—မသင့်မတင့် နှလုံးသွင်းမှု၊ လမ်းမှားကို မှီဝဲမှု၊ စိတ်ဆုတ်နစ်မှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် သက္ကာယ ဒိဋ္ဌိကို ပယ်ရန် ဝိစိကိစ္ဆာကို ပယ်ရန် သီလဗ္ဗတပရာမာသကို ပယ်ရန် ထိုက်၏။ (၃)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန် လမ်းမှား မှီဝဲမှုကို ပယ်ရန် စိတ်၏ ဆုတ်နစ်မှုကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သတိ မေ့လျော့မှု၊ ဆင်ခြင် ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန် လမ်းမှားမှီဝဲမှုကို ပယ်ရန် စိတ်ဆုတ်နစ်မှုကို ပယ်ရန် ထိုက်၏။ (၄)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကိုပယ်လျှင် သတိမေ့ပျောက်မှုကို ပယ်ရန် ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန် စိယ်ပျံ့လွင့်မှုကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ — အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတရားကို ကြားနာရန် အလိုမရှိမှု၊ ခြုတ်ခြယ်လိုသော စိတ်ရှိမှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် သတိမေ့ပျောက်မှုကို ပယ်ရန် ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန် စိတ်ပျံ့လွင့်မှုကို ပယ်ရန် ထိုက်၏။ (၅)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန် အရိယာတရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန် ခြုတ်ခြယ်လိုသော စိတ်ရှိမှုကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှုတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့ကို ပယ်လျှင် အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန် အရိယာတရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန် ခြုတ်ခြယ်လိုသော စိတ်ရှိမှုကို ပယ်ရန် ထိုက်၏။ (၆)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် ပျံ့လွင့်မှုကို ပယ်ရန် မစောင့်စည်းမှုကို ပယ်ရန် သီလမရှိမှုကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—မယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် ပျံ့လွင့်မှုကို ပယ်ရန် မစောင့်စည်းမှုကို ပယ်ရန် သီလမရှိမှုကို ပယ်ရန် ထိုက်၏။ (၇)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် မယုံကြည်မှုကို ပယ်ရန် ပြောဆိုသည်ကို မသိမှုကို ပယ်ရန် ပျင်းရိမှုကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေ ယုတ်ရှိမှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် မယုံကြည်မှုကို ပယ်ရန် ပြောဆိုသည် ကို မသိမှုကို ပယ်ရန် ပျင်းရိမှုကို ပယ်ရန် ထိုက်၏။ (၈)

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် မရိုသေမှုကို ပယ်ရန် ဆိုဆုံးမခက်မှုကို ပယ်ရန် မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—အရှက်မရှိမှု၊ အကြောက်မရှိမှု၊ မေ့လျော့မှုတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို ပယ်လျှင် မရိုသေမှုကို ပယ်ရန် ဆိုဆုံးမ ခက်မှုကို ပယ်ရန် မိတ်ဆွေယုတ် ရှိမှုကို ပယ်ရန် ထိုက်၏။ (၉)

ရဟန်းတို့ အရှက်အကြောက်ရှိသော ဤသူသည် မမေ့မလျော့၊ ထိုသူသည် မမေ့မလျော့သူ ဖြစ်ရကား မရိုသေမှုကို ပယ်ရန် ဆိုဆုံးမခက်မှုကို ပယ်ရန် မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် ထိုက်၏။ ထိုသူသည် မိတ်ဆွေကောင်းရှိသူဖြစ်ရကား မယုံကြည်မှုကို ပယ်ရန် ပြောဆိုသည်ကို မသိမှုကို ပယ်ရန်၊ ပျင်းရိမှုကို ပယ်ရန် ထိုက်၏။ ထိုသူသည် ထက်သန်သော လုံ့လရှိသူဖြစ်ရကား ပျံ့လွင့်မှုကို ပယ်ရန် မစောင့် စည်း မှုကို ပယ်ရန် သီလမရှိမှုကို ပယ်ရန် ထိုက်၏။ ထိုသူသည် သီလရှိသူဖြစ်ရကား အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန် အရိယာတရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန် ခြုတ်ခြယ်လိုသောစိတ်ရှိမှုကို ပယ်ရန် ထိုက်၏။ ထိုသူသည် ခြုတ်ခြယ်လိုသောစိတ် မရှိသူဖြစ်ရကား မမေ့ပျောက်မှုကို ပယ်ရန် ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန် စိတ်ပျံ့လွင့်မှုကို ပယ်ရန် ထိုက်၏။ ထိုသူသည် စိတ်မပျံ့လွင့်သူဖြစ်ရကား မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန် လမ်းမှား မှီဝဲမှုကို ပယ်ရန် စိတ်ဆုတ်နစ်မှုကို ပယ်ရန် ထိုက်၏။ ထိုသူသည် စိတ်မဆုတ်နစ်သူဖြစ်ရကား သက္ကာယဒိဋ္ဌိကို ပယ်ရန် ဝိစိကိစ္ဆာကို ပယ်ရန် သီလဗ္ဗတ ပရာမာသကို ပယ်ရန် ထိုက်၏။ ထိုသူသည် ယုံမှားမရှိသူဖြစ်ရကား ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ထိုက်၏။ ထိုသူသည် ရာဂကို ပယ်လျှင် ဒေါသကို ပယ်လျှင် မောဟကို ပယ်လျှင် ပဋိသန္ဓေနေခြင်းကို ပယ်ရန် အိုခြင်းကို ပယ်ရန် သေခြင်းကို ပယ်ရန် ထိုက်၏ဟု (မိန့်တော်မူ၏ )။ (၁ဝ)

ဆဋ္ဌသုတ်။