အင်္ဂုတ္တရနိကာယ်
၁၁-တိကဝဂ်
၇-အရတိသုတ်
၁၁၃။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
မမွေ့လျော်မှု၊ ညှဉ်းဆဲမှု၊ တရားမဟုတ်သည်ကို ကျင့်မှု (အကုသလကမ္မပထ) တို့တည်း။
ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
မမွေ့လျော်မှုကို ပယ်ရန် ဝမ်းမြောက်မှု မုဒိတာကို ပွါးများအပ်၏။
ညှဉ်းဆဲမှုကို ပယ်ရန် မညှဉ်းဆဲမှုကို ပွါးများအပ်၏။
တရားမဟုတ်သည်ကို ကျင့်မှု (အကုသလကမ္မပထ) ကို ပယ်ရန် တရားဟုတ်သည်ကို ကျင့်မှု (ကုသလကမ္မပထဆယ်ပါး) ကို ပွါးများအပ်၏။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။